ဇွန်လ ၁ ရက်၊ ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ တောင်ကြာအင်းကျေးရွာ စစ်ကောင်စီတပ်လက်အောက် ခံ အစိုးရကျောင်းတွေကို ပြန်လည်ဖွင့်လှစ်နိုင်အောင် မေလ နောက်ဆုံးအပတ်ကနေစပြီး ညှိနှိုင်း ဆွေးနွေးမှုတွေ ပြုလုပ်နေတယ်နေတယ်လို့ ဒေသခံတွေထံမှသိရပါတယ်။
စစ်ကောင်စီတက်လက်အောက်ခံ အ.ထ.က တောင်ကြာအင်းနဲ့ လောင်းကိုင် အ.ထ.က ခွဲ အစိုးရ အထက်တန်းကျောင်း ၂ ကျောင်းကို ပြန်လှည်ဖွင့်လှစ်နိုင်ဖို့အတွက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း၊ PDF တွေ နဲ့ စစ်ကောင်စီလက်အောက်ခံအစိုးရပညာရေးဝန်ကြီး ဌာနကတာဝန်ရှိသူတွေနဲ့ ညှိနှိုင်းဆွေးနွေးမှုတွေလုပ်ဆောင်နေတယ်လို့ တောင်ကြာအင်းကျေးရွာဒေသခံတစ်ဦးကပြောပါတယ်။
“ဖွင့်ဖို့ကတော့ ၂ ကျောင်းပဲရှိမယ် အခြားမူလတန်း အလယ်တန်းတွေက မဖွင့်လောက်ဘူး၊ အခုဖွင့်မှာက အထက်တန်းနဲ့ အထက်တန်းကျောင်းခွဲ၊ မနှစ်ကတော့ ရွာတိုင်းကျောင်းဖွင့်တယ် ကမော့ကသူ၊ ကော့ဖောင်း၊ လောင်းကိုင်၊ တောင်ကြာအင်းက လက်ရှိအစိုးရဖွင့်တဲ့ကျောင်းတွေပေါ့၊ အများစုကတော့ တက်ချင်ကြပါတယ် EAOS နဲ့ PDF တွေက ခွင့်မပြုချင်ဘူးလို့တော့သိရတယ် လောလော ဆယ်တော့ ညှိနှိုင်းအဆင့်ပဲရှိသေးတယ် ဖွင့်မယ် မဖွင့်ဘူး ပြောမတတ်သေးဘူး” လို့သူကပြောပါတယ်။
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း၊ PDF တွေကတော့ ကိုယ်ထူကိုယ်ထကျောင်းဖွင့်ဖို့သာ ဆန္ဒရှိကြပေမဲ့လည်း အစိုးရကျောင်းမှာသာ ဆရာဆရာမလုံလောက်မှုရှိတာကြောင့် အစိုးရကျောင်း ကိုသာ ပြန်လည်ဖွင့်လှစ်စေချင်ပြီး အခုလို စစ်ရေးပဋိပက္ခကြားတွေကြောင့် ဒေသခံပြည်သူတွေမှာ ပညာရေးနဲ့ကျန်းမာရေးပိုင်းဆိုင်ရာ နစ်နာမှုတွေဖြစ်ပေါ်လာတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုမှုတွေလည်း ရှိနေပါတယ်။
အခုလို ကျောင်းပြန်လည်ဖွင့်လှစ်နိုင်ရေးနဲ့ပတ်သက်ပြီး ဒေသခံပြည်သူတစ်ဦးကတော့ “ကိုယ်ထူကိုယ်ထ လုပ်ကြည့်ပြီးပြီ အဆင်မပြေဘူး အစိုးရကျောင်းဖွင့်လိုက်ရင် ပိုအဆင်ပြေမယ်လို့ မြင်တယ် အစိုးရဖွင့်တဲ့ကျောင်းကျတော့ ဆရာ/မတွေ ပိုစုံတာပေါ့၊ ကလေးတွေ အချိန်ကုန်သွားတာ ဘာမှမဖြစ်လာဘူး Online နဲ့ စာသင်ရအောင်လည်း Data Connectionက ကြာလေ ပိုဆိုးလေ ရွေးချယ်စရာက အစိုးရဖွင့်တဲ့ကျောင်းပဲရှိတော့တယ်လေ” လို့ သူကပြောပါတယ်။
လောင်းကိုင် အ.ထ.က ခွဲအထက်တန်းကျောင်းမှာ ၂၀၂၂ ခုနှစ်ပညာသင်နှစ်က ကျောင်းသား ၄၀၀ ဝန်းကျင်တက်ရောက်ပြီး ၂၀၂၃ ခုနှစ်မှာတော့ လူဦးရေ ၅၀ ကျော်လောက်ကျောင်းထွက်လက်မှတ်ယူကာ ဘားအံ၊ မော်လမြိုင်နဲ့ တခြားမြို့နယ်တွေမှာ ကျောင်းတက်ရောက်တာတွေရှိတယ်လို့သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်ပညာသင်နှစ်အတွင်းက နောင်တလာကျေးရွာနဲ့ ဖားကျကျေးရွာမှာ ကိုယ်ထူကိုယ်ထမူလတန်းကျောင်း ၂ ကျောင်းဖွင့်နိုင်ခဲ့ပြီး ကျောင်းသားဦးရေ ၈၀ လောက် တက်ရောက်ခဲ့ ပေမဲ့ ဆရာ၊ ဆရာမလုံလောက်မှုမရှိတာတွေအပြင် သင်ရိုးညွှန်းတမ်းမှာအခက်အခဲတွေ ပြဿနာတွေ ရှိခဲ့တာကြောင့် ၃ လသာ ဖွင့်လှစ်နိုင်ခဲ့တယ်လို့ ဒေသခံတွေထံမှသိရပါတယ်။
သတင်း – နော်ဖူးဖူး
ဓါတ်ပုံ – CJ
Phar Si Than (People’s Radio Myanmar)