ဇွန်လ ၁ ရက်၊ ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ခလရ ၂၀၅ တပ်ရင်းရှေ့ မြိုင်ကလေး-သထုံ ကားလမ်းမကြီးမှာ မိုင်းပေါက်ကွဲမှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က သံလွင်တံတားနဲ့ ဒုံသမိတံတားတွေမှာ အစစ်အဆေးတင်းကြပ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။
ခလရ ၂၀၅ တပ်ရင်းရှေ့မှာရှိတဲ့ မြိုင်ကလေး-သထုံကားလမ်းမကြီးမှာ ဇွန်လ ၁ ရက်နေ့ မနက် ၇ နာရီ လောက်က မိုင်းပေါက်ကွဲမှုကြောင့် ၂၀၅ တပ်ရင်းနားက ပေါင်းကူးတံတားထိခိုက်သွားပြီး အစစ်အဆေးတွေတင်းကြပ်နေတယ်လို့ ခရီးသွားတွေကပြောပါတယ်။
“၇နာရီမှာ ၃ လုံးပေါက်တယ်၊ ၈ နာရီမှာ ၂ လုံးပေါက်တယ်၊ တံတားအလယ်မှာပေါက်သွားတယ်၊ တံတားတော့မကျိုးကျသွားဘူး၊ ကားတန်းကြီးပိတ်မိနေတယ်၊ ကားတွေဖြည်းဖြည်းချင်းရွေ့နေရတယ်၊ ဒုံသမိတံတား ထိပ်နှစ်ဖက်မှာ BGFနဲ့ စစ်သားတွေ စစ်နေကြတယ်၊” လို့ခရီးသွားတစ်ဦးက ပြောပါတယ်။
ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးတဲ့နောက်မှာ စစ်ကောင်စီတပ်က လက်နက်ငယ်နဲ့ ပစ်ခံတာတွေကို ကြားရတယ်လို့ ဘားအံမြို့ဒေသခံတွေကပြောပါတယ်။
“ဗုံးပေါက်တာ အသံက တော်တော်ကျယ်တယ်၊ ဘားအံမြို့ထဲကနေတောင်ကြားရတယ်၊ ဗုံးပေါက်ပြီးတော့ လက်နက်ငယ်သံတွေကြားရတာဘဲ၊ မိုးလင်းတာနဲ့ကြားရတာ၊ မနက် ၈ နာရီခွဲ လောက်မှ ငြိမ်သွားတယ်” လို့ဘားအံမြို့ဒေသခံတစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၂၂ ရက်နေ့ နေ့လည်ပိုင်းကလည်း သံလွင်တံတားနားမှာ ဗုံးပေါက်ကွဲခဲ့ပြီး ပြည်သူတစ်ဦးသေဆုံးခဲ့ပါတယ်။
သတင်း – ကိုဖြိုး
ဓာတ်ပုံ – ပုံဟောင်း
Phar Si Than (People’s Radio Myanmar)