မေလ ၃၁ ရက် ၊ ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ် ၊ မြဝတီမြို့မှာ မြို့နယ်ကိုယ်စားပြုဂဏန်းဖော်ပြချက်အပြင် မော်တော်ယာဥ်အမျိုးအမည် ပါရှိသော ဖောင်းကြွနံပါတ်ပြား ပြောင်းလဲတပ်ဆင်ခြင်းမရှိတဲ့ မော်တော်ယာဥ်တွေ၊ ဆိုင်ကယ်နဲ့ ကားမောင်းလိုင်စင်မပြည့်စုံတာတွေကို ၂၀၂၃ ခုနှစ်၊ ဇွန်လ (၁) ရက်နေ့မှ စတင်ဖမ်းဆီးအရေးယူတော့မှာ ဖြစ်တယ်လို့ မြဝတီမြို့ခံတွေထံမှ သိရပါတယ်။
ပြီးခဲ့တဲ့ မတ်လ (၃၁) ရက်နေ့မှာ နောက်ဆုံးထားပြီး ဖောင်းကြွနံပါတ်ပြား ပြောင်းလဲတပ်ဆင်ရန် သက်ဆိုင်ရာ က.ည.န ရုံးတွေက ကြေငြာထားပါတယ်။ လိုင်စင်ရှိကားတွေလည်း ဖောင်းကြွနံပါတ်ပြား လဲလှယ်တပ်ဆင်ခြင်းမရှိပါက သက်ဆိုင်ရာမှ ဖမ်းဆီးမည်ဖြစ်သလို လိုင်စင်မဲ့ကားတွေမှာလည်း ဖောင်းကြွနံပါတ်ပြားမပါရှိပါက အရေးယူဖမ်းဆီးမှာ ဖြစ်ပါတယ်။
အခုလိုဖမ်းဆီးအရေးယူမည့်ကိစ္စနဲ့ပက်သက်ပြီး မြဝတီမြို့ က.ည.န ရုံးနဲ့ နီးစပ်သူတဦးက “အခုသူတို့က ဖောင်းကြွ နံပါတ်ပြားမလဲထားတဲ့ကားတွေကို လာမယ့် ဇွန်လ (၁) ရက်နေ့ကစပြီး ဖမ်းတော့မှာလို့ ကြားတယ်။ အဲ့ထဲမှာမှ လိုင်စင်ရှိကား ရော လိုင်စင်မဲ့ (Without) ကားရော ဖောင်းကြွနံပါတ်ပြားမလဲထားရင် အကုန်ဖမ်းမှာပါ” လို့ သူက ပြောပါတယ်။
သက်ဆိုင်ရာ တာဝန်ရှိသူတွေမှ မြဝတီမြို့ ရွှေမြင်းဝန်ဘုရားကြီးမီးပွိုင့်မှာ ပြီးခဲ့တဲ့ ရက်ပိုင်းကတည်းက အသိပညာပေးဟောပြော စစ်ဆေးတာတွေ ပြုလုပ်နေတာလည်း ဖြစ်ပါတယ်။
မြဝတီမြို့အတွင်းမှာ လိုင်စင်မဲ့ (Without) ကား တွေကို ဖောင်းကြွနံပါတ်ပြား လုပ်ဆောင်တဲ့အခါမှာ မြဝတီမြို့ က.ည.န ရုံးက သတ်မှတ်ထားတဲ့ ဆိုင်တွေမှာသာ လုပ်ဆောင်ခွင့်ပေးတယ်လို့သိရပါတယ်။ ဖောင်းကြွနံပါတ်ပြား လုပ်ဆောင်ရာမှာလည်း မြန်မာကျပ်ငွေ အနည်းဆုံး ၈၀,၀၀၀ ပေးပြီးလုပ်ဆောင်ရတယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။
“Without ကားတွေမှာ ဖောင်းကြွနံပါတ်ပြားတပ်ဖို့ လုပ်တဲ့အခါမှာ က.ည.န က သတ်မှတ်ထားတဲ့ ဆိုင်တွေမှာပဲ လုပ်လို့ရတယ်။ တခြားမှာလုပ်ချင်လည်းရတယ် ဒါပေမယ့် လက်ရာသေသပ်မှ ရမှာပေါ့နော်။ နံပါတ်ပြားလုပ်တဲ့ စျေးတွေကတော့ အမျိုးမျိုးပဲရှိတယ်။ အနည်းဆုံးစျေးကတော့ ၈၀,၀၀၀ ကနေစတာပေါ့ အစားအစားရှိပါတယ်” လို့ ပြောပါတယ်။
ဒါ့အပြင် ဖောင်းကြွနံပါတ်ပြားတပ်ဆင်ထားတဲ့ လိုင်စင်မဲ့ ကားတွေကို ဘားအံမြို့အထိ သွားလာခွင့်ပြုထားတယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ် အစိုးရဌာနဆိုင်ရာလက်အောက်ခံ ဝန်ထမ်းတွေစီးနင်းတဲ့ မော်တော်ယာဥ် တွေကိုလည်း ဖောင်းကြွနံပါတ်ပြားတပ်ဆင်ပြီးမှ မောင်းနှင်ရန် သက်ဆိုင်ရာလူကြီးတွေမှ ပြောကြားထားတယ်လို့ အစိုးရဝန်ထမ်းနဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းထံမှ သိရပါတယ်။
သတင်း – မေမီမင်းညို
ဓာတ်ပုံ – Myat Min Ko Ko
Phar Si Than (People’s Radio Myanmar)