ဘီးလင်းမှာ စစ်ကောင်စီသံတံတားစစ်ဆေးရေးဂိတ်တိုက်ခိုက်ခံရ၊ စစ်ကောင်စီဘက် နှစ်ဦးသေ
မော်လမြိုင်၊ မေ၊ ၃၁
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ သဲဖြူချောင်းကျေးရွာ သံတံတားစစ်ဆေးရေးဂိတ်ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေဘက် က သွားရောက်တိုက်ခဲ့ရာမှာ စစ်ကောင်စီဘက်က ၂ ဦးသေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထံမှ သိရပါတယ်။
မေလ ၃၁ ရက် နံနက်အစောပိုင်းမှာ ဘီးလင်းမြို့နယ်အထွက် သဲဖြူချောင်းကျေးရွာမှာ အင်အား ၂၀ ဝန်းကျင်ရှိတဲ့ သံတံတားစစ်ဆေးရေးဂိတ်ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်း တပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်။
နှစ်ဖက်ပစ်ခတ်မှုဟာ မိနစ် ၃၀ ကျော်ကြာဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီဘက်က ၂ ဦးသေဆုံးကာ ၂ ဦးထက်မနည်းထိခိုက်ဒဏ်ရာ ရရှိခဲ့သလို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှလည်း ရဲဘော်နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဘီးလင်းမြို့နယ်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
“ ကျွန်တော်တို့ မနက်အစောကြီး ၆ နာရီမထိုခင်မှာ ဝင်ပစ်တာ၊ သူတို့ဘက်က ၂ ဦးသေတယ်၊ ဒဏ်ရာရတာက လေးဦးလောက် ရှိမယ်။ကျွန်တော်တို့ဘက်က ၂ ဦးဒဏ်ရာရသွားတယ်၊ နည်းနည်းပါးပါးပါပဲ။” လို့ PDF ရဲဘော်တစ်ဦးက ပြောပါ တယ်။
နှစ်ပစ်ခတ်မှုဖြစ်ပွားပြီးတဲ့နောက်မှာ တော်လှန်ရေးအင်အားစုတွေဘက်က ပြန်လည်ဆုတ်ခွာခဲ့ပြီး နံနက် ၉ နာရီခန့်မှာ ပူးပေါင်း တပ်ဖွဲ့ဘက်မှ ဒရုန်းနဲ့ ဗုံးသီးချကာ ထပ်မံတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။
ယင်းနောက် စစ်ကောင်စီလက်အောက်ခံကျိုက်ထိုမြို့နယ်အခြေစိုက်အမြှောက်တပ်ရင်းမှ ကျေးရွာတွေဘက်ကို လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့ရာမှာ ကျိုက်ထိုမြို့နယ် လှည်းလမ်းကူးကျေးရွာရှိ နေအိမ်တစ်လုံးပေါ်သို့ လက်နက်ကြီးတစ်လုံး ကျရောက် ပေါက်ကွဲခဲ့တာကြောင့် ကလေးငယ်အပါအဝင် ၆ ဦးထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ဆိုပါတယ်။
“အငယ်ဆုံးက ၆ နှစ်ပါ၊ မိသားစုဝင်တွေပါပဲ၊ အခုတော့ ဆေးရုံကို ပို့ထားတယ်လို့ပြောတယ်၊ နှစ်ဦးက ဒဏ်ရာနည်းနည်းစိုးရိမ်ရ တယ်၊ ဒီကောင်တွေက သူတို့တိုက်ခိုက်ခံရရင် ဒီလိုပဲ လက်နက်ကြီးတွေ လိုက်ပစ်နေတာပဲ။” လို့ ပြောပါတယ်။
ကျိုက်ထိုခရိုင်အတွင်းမှာဆိုရင် စစ်ကောင်စီလက်အောက်ခံ ခြေမြန်တပ်ရင်းတွေ၊ အမြှောက်တပ်ရင်းတွေက ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေ လှုပ်ရှားရာဒေသတွေဘက်ကို လက်နက်ကြီးနဲ့ မကြာခဏရမ်းသမ်းပစ်လေ့ရှိပြီး လက်နက်ကြီးပစ်ခတ်မှုကြောင့်ပဲ အရပ်သား ထိခိုက်ဒဏ်ရာရတာ၊ သေဆုံးတာတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဓါတ်ပုံ – စစ်တပ်ထောက်ခံတယ်လီဂရမ်