မေလ ၃၁ ရက်၊ ၂၀၂၃ ခုနှစ်
ထားဝယ်မြို့ပေါ်မှာ ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်သားတွေက ဘုမ္မော်ရပ်ကွက်၊ စောမိညိုလမ်းဆုံမှာ ခွေးတွေကို အစာလာကျွေးတဲ့ အမျိုးသားနှစ်ဦးကို PDF တွေနဲ့ မှားပြီးပစ်သတ်ခဲ့ပြီး ဆိုင်ကယ်တစ်စီးကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ထားဝယ်မြို့ခံတွေက ပြောပါတယ်။
မေလ ၃၀ ရက်နေ့၊ ည ၉ နာရီခွဲ အချိန်လောက်မှာ ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်သားတွေက click ဆိုင်ကယ်နဲ့ ခွေးအစာလာကျွေးတဲ့ လူငယ်အရွယ် အမျိုးသားနှစ်ဦးကို ပစ်သတ်ခဲ့ပြီးမှ PDF နဲ့မှားပစ်တာလို့ ပြောပြီး အလောင်းတွေကိုလည်း ယူဆောင်သွားတယ်လို့ ထားဝယ်ဒေသခံတစ်ဦးက ပြောပါတယ်။
“ပေါက်ကွဲတယ်လို့သာ ပြောနေကြတာ။ ပေါက်ကွဲတာမဟုတ်ဘူး။ ခွေးစာလာကျွေးတဲ့ လူနှစ်ယောက်သေ။ သူတို့က နေ့တိုင်းခွေးစာလာကျွေးနေတာ။ လူငယ်ပိုင်းလောက်အရွယ်တွေ။ ပစ်ပြီးမှ လူမှားတယ်ဆိုပြီး ပြောတယ်”လို့ သူကပြောပါတယ်။
အဆိုပါ လူငယ်တွေမောင်းလာတဲ့ ဆိုင်ကယ်ကိုလည်း စစ်ကောင်စီတပ်သားတွေက အမှတ် ၂ ကျောင်း လမ်းနဲ့ ကျန်းမာရေးလမ်းထောင့်မှာ မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ စစ်ကောင်စီတပ်သားတွေက ပြည်သူ့ကာကွယ်ရေးတပ်သားတွ လမ်းကြောင်းရှိတယ်လို့ သတင်းရထားတာကြောင့် ကင်းပုန်းဝပ်နေ ကြတာဖြစ်ပါတယ်။
ထားဝယ်မြို့ခံတစ်ဦးက “လမ်းမသစ်မှာဆိုင်ကယ်ကို မီးရှို့ခဲ့တာ။ သူတို့က PDFတွေလာမယ်ဆိုပြီး သတင်းရထားလို့ ကင်းပုန်းချထားတာတဲ့။ တိုက်ဆိုင်သွားတာပေါ့။ မြင်တဲ့လူတိုင်းကို PDFထင်နေတာ။ ခံလိုက်ရတဲ့လူက နာတာပေါ့” လို့ သူဆက်ပြောပါတယ်။
သေနတ်ပစ်ခတ်သံတွေကိုလည်း ကျန်းမာရေးလမ်းတစ်လျှောက်မှာ ဆက်တိုက်ပစ်ခတ်သံ အချက် ၅၀ ကျော်ဝန်းကျင်လောက် ကြားရပြီး လမ်းတစ်လျှောက် ရမ်းပစ်ခဲ့သေးတယ်လို့သိရပါတယ်။ အဆိုပါ ဖြစ်စဉ်နဲ့ပတ်သတ်ပြီး ပစ်သတ်ခံရသူတွေရဲ့ အလောင်းကိုတော့ စစ်ကောင်စီတပ်က ပြန်မပေးသေးဘူးလို့ သိရပါတယ်။
စစ်ကောင်စီတပ် အာဏာသိမ်းပြီးကတည်းက ထားဝယ်မြို့ပေါ်မှာ ပေါက်ကွဲသံ၊ ပစ်ခတ်သံ ဆက်တိုက်ကြားရတဲ့ ဖြစ်စဉ်တွေ မကြာမကြာ ဖြစ်ပွားလေ့ရှိပြီး အာဏာသိမ်းတဲ့ ၂ နှစ်ကျော်ကာလ အတွင်း မတရားသတ်ဖြတ်ခံရသူ ၂၀ကျော်လောက်ရှိတယ်လို့ နယ်မြေခံ သတင်းအချက်အလက်တွေ အရသိရပါတယ်။
သတင်း – နော်အယ်နီး
ဓါတ်ပုံ – CJ
Phar Si Than (People’s Radio Myanmar)