မေလ ၂၉ရက် ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တောင်ပိုင်းမှာရှိတဲ့ ကျေးရွာတွေဘက်ကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခတ်တာတွေကို နေ့စဥ်ပြုလုပ်နေတယ်လို့ ကော့ကရိတ်မြို့တောင်ဘက်မှာနေထိုင်တဲ့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်လက်အောက်ခံ ခလရ ၉၇ နဲ့ လှိုင်ဝအမြောက်ကုန်းကနေ ကော့ကရိတ်မြို့ တောင်ပိုင်းမှာရှိတဲ့ တောင်ကြာအင်းကျေးရွာ၊ ရန်ကုတ်ကျေးရွာ၊ ကြောင်လျှာကုန်း ကျေးရွာနဲ့ ကမိုင်ကုန်း ကျေးရွာတွေဘက်ကို တစ်ရက် ၁၀ ကြိမ်နီးပါး တိုက်ပွဲဖြစ်ပွါးတာမရှိဘဲ ဧပြီလလောက်ကစပြီး လက်နက်ကြီးနဲ့ပစ်ခတ်နေတာပါ။
အခုလိုပစ်ခတ်တာတွေကြောင့် ကော့ကရိတ်တောင်ပိုင်းကျေးရွာတွေထဲကို လက်နက်ကြီး ကျရောက်ပေါက်ကွဲတာတွေရှိနေပြီး လူထိခိုက်ဒဏ်ရာရရှိတာတွေ ဖြစ်ပေါ်နေတယ်လို့ ကော့ကရိတ်မြို့ တောင်ပိုင်းမှာနေထိုင်တဲ့ ဒေသခံတွေက ပြောပါတယ်။
“သူတို့တွေကပစ်ချင်တိုင်းပစ်နေတာ၊ တိုက်ပွဲမရှိပေမဲ့၊ တစ်နေ့အနည်းဆုံး ၁၀ ကြိမ်လောက်ပစ်တယ်၊ နွားလည်းထိ၊ လူလည်းထိတယ်၊ နွားက ရွာတန်းရှည်က ၂ ကောင်ထိတယ်၊ နောက်တစ်ရက်ကျတော့ ကမိုင်ကုန်းမှာ လူ ၂ ယောက်ထိတယ်၊ ဟိုးတစ်ရက်တုန်းက ကြာအင်းကုန်းမှာ အိမ် ၁ လုံး ထိတယ်၊ လူတော့မထိဘူး၊ ကားတော့ထိတယ်” လို့ ကော့ကရိတ်တောင်ဘက်ပိုင်းဒေသမှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့မေလ ၂၈ ရက်နေ့က စစ်ကောင်စီတပ် ခလရ ၉၇ ကပစ်လိုက်တဲ့ လက်နက်ကြီးတစ်လုံး ဟာ ကော့ကရိတ်မြို့ ခနိမ်းမူရပ်ကွက် ရုံးကြီးနားမှာ ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံ ၂ ဦး ထိခိုက် သေဆုံးခဲ့တယ်လို့ ကော့ကရိတ်မြို့ ဒေသခံတွေကပြောပါတယ်။
“ထိတာက ဦးဖိုးကျားနဲ့သူ့မိန်းမ၊ င်္သချိုင်းကုန်းနားကရုံးအနီးကြီးနားမှာကျတာ၊ သေသွားတယ်ပွဲချင်းပြီး၊ အဲ့ဒီဘက်ခြမ်းက လက်နက်ကြီးခနခနကျတယ်၊ နေတဲ့လူတွေလည်းနေကြတုန်းဘဲ၊ ပြီးတော့ ပစ်ပြီးလို့ မကြာဘူး လေယာဥ်လာတယ်မပစ်သွားဘူး” လို့ ကော့ကရိတ်မြို့ဒေသခံတစ်ဦးက ပြောပါတယ်။
အခုလို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေကြောင့် ကော့ကရိတ်တောင်ပိုင်းကျေးရွာတွေက ဒေသခံတွေမှာ နေ့စဥ်စားဝတ်နေရေးအတွက် အခက်အခဲတွေကြားကနေ အလုပ်လုပ်ကိုင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်က ကော့ကရိတ်မြို့နဲ့ တောင်ဘက်ပိုင်းကျေးရွာတွေ ဆက်သွယ်ထားတဲ့ လမ်းတွေကို ဖျက်ဆီးထားတာကြောင့် ဒေသခံပြည်သူတွေမှာ သွားလာရေးနဲ့ ကျန်းမာရေးကိစ္စတွေမှာ အခက်အခဲတွေရှိနေတာလည်း ဖြစ်ပါတယ်။
သတင်း – ကိုဖြိုး
ဓာတ်ပုံ – CJ
Phar Si Than (People’s Radio Myanmar)