

ယမန့်နေ့ (မေ ၂၇ ရက်)က မိုးဗြဲမြို့အတွင်း စစ်ကောင်စီနဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီရဲ့ လက်နက်ကြီးကြောင့် အသက် ၃ နှစ်ခွဲအရွယ် ကလေးငယ် တဦး သေဆုံးခဲ့တယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MBPDF) က သတင်းထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီက လက်နက်ကြီးများ ၈ ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့တာကြောင့် နောက်ထပ်ပြည်သူ ၄ ဦးလည်း ထိခိုက်ကာ ဘုန်းကြီးကျောင်းနဲ့ နေအိမ်အချို့ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
“သေဆုံးသွားတဲ့ ၃ နှစ်ခွဲ ကလေးလေးက အမျိုးသမီးပါဗျ။ ဒီလောက်ပဲဖြေပေးပါရစေ။” လို့ MBPDF ပြန်ကြားရေးတာဝန်ရှိသူတဦးက ပြောပါတယ်။
မေ ၂၇ ရက်က ညနေ ၅:၀၀ ခန့်အချိန့်က မိုးဗြဲမြို့ စည်ကား (၃) ရပ်ကွက်အတွင်း စစ်ကောင်စီရဲ့ လက်နက်ကြီးများ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။ လက်နက်ကြီးကြောင့် ဘယ်ဘက်ရင်အုံမှာ ပြင်းထန်ဒဏ်ရာရရှိခဲ့တဲ့ ၃ နှစ် ၅ လအရွယ် မိန်းကလေးတဦးကို ဆေးကုသပေးခဲ့ပေမဲ့ အသက်သေဆုံးသွားခဲ့ရကြောင်း Mobye Rescue Team ကလည်း သတင်းထုတ်ပြန်ထားပါတယ်။
ယနေ့(မေ ၂၈ ရက်) မနက် ၄:၃၀ အချိန်ကလည်း မိုးဗြဲမြို့အနောက်ဘက်က စစ်ဘေးရှောင်စခန်းတခုကို စစ်ကောင်စီက လေကြောင်းမှ (၂) ကြိမ်တိုက်ခိုက်ခဲ့တယ်လို့ MBPDF က ထုတ်ပြန်ထားပါတယ်။ အဲဒီတိုက်ခိုက်မှုကြောင့် ပြည်သူ (၄) ဦး ထိခိုက်ပြီး နေအိမ် (၃) လုံး ပျက်စီးခဲ့ပါတယ်။
ဧပြီ ၂၉ ရက်မှာ မိုးဗြဲမြို့ ညောင်ဝိုင်းရွာအတွင်း ၃ လကျော် တပ်စွဲထားတဲ့ စစ်ကောင်စီတပ်များကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် (၂) ဦး အရှင်ဖမ်းမိခဲ့ပြီးနောက် ယခုအခါ မိုးဗြဲမြို့မှာ တိုက်ပွဲပြန်လည်ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။


Photo – MBPDF၊ Mobye Rescue Team