
မေ ၂၈ ရက်၊ ၂၀၂၃
၂၀၂၃ -၂၀၂၄ ပညာသင်နှစ်အတွက် အခြေခံပညာအဆင့် KG တန်းကနေ Grade – 11 အထိ အတန်းတွေကို မေလ ၂၃ ရက်က စတင်လက်ခံနေတာဖြစ်ပါတယ်။ နာဂဒေသက ကျောင်းသားမိဘနဲ့ ကျောင်းနေအရွယ်ကလေးတွေအတွက် အခြားရွေးချယ်စရာ မရှိတဲ့အတွက် စစ်အုပ်စုကျောင်းတွေကိုသာ အားကိုးနေရတယ် လို့ ကျောင်းအပ်နှံဖို့ရွေးချယ်ခဲ့ကြတဲ့ မိဘအများစုက ပြောပါတယ်။
“မနှစ်ကအထိ မအပ်ဘူး။ ဒီနှစ်လည်းသို့လော သို့လောနဲ့ စိတ်သောကတွေနဲ့ အပ်လိုက်ရတယ်။ အငယ်လေးတွေကျတော့ သူများသွားတာတွေ့တော့ တက်ချင်လို့၊ အလတ်/အကြီးတွေကျအတန်းတွေကျန်ခဲ့မှာစိုးလို့ အပ်လိုက်တယ်။ ကလေးတွေစိတ်လေမှာလည်းစိုးတယ်။ အခုသင်ကြားရေးကို အရမ်းယုံကြည်ချက်လည်းမရှိပါဘူး။ အတန်းရဖို့အတွက်ပါပဲ” လို့ ကျောင်းသားမိဘတစ်ဦးက ကလေးတွေကို စစ်အုပ်စုကျောင်းအပ်ဖို့ ရွေးချယ်ခဲ့ရတဲ့ အနေအထားကို ပြောပြပါတယ်။
“NUG က ဖွင့်တဲ့ကျောင်းတွေကလည်း အသံပဲ ကြားရတာ ဒီမှာတော့ ရှိလည်းမရှိ လက်လှမ်းလည်း မမှီဘူးလေ။ ဖွင့်တာရှိရင်တောင် လိုင်းကမရပြန်။ ဒီတိုင်းထားတော့ ကလေးတွေက အသက်ပဲကြီးသွားတာ အတန်းတွေက မတက်ရတော့ဘူး” လို့ ဖုန်းလိုင်း၊ အင်တာနက်မရတဲ့ လေရှီးမြို့နယ်က ကျောင်းသားမိဘတစ်ဦးကလည်း Naga News ကို ပြောပါတယ်။
ယခုအထိ ကျောင်းမအပ်တဲ့မိဘတွေကတော့ စစ်အုပ်စုကို မယုံတဲ့အတွက် ကျောင်းမအပ်တာဖြစ်တယ်လို့ အခုလိုပြောပါတယ်။
“ကလေးတွေက အရွယ်ကောင်းလေးတွေ၊ အခန့်မသင့်လို့ စကစက တပ်သားစုဆောင်းသွားတာဖြစ်ဖြစ် ကျောင်းကိုလုပ်ကြံလို့ဖြစ်ဖြစ် ကလေးတွေတခုခုဖြစ်ရင် ရင်ကျိုးရချည်ရဲ့” လို့ ဆိုပါတယ်။
နိုင်ငံရေး အာဏာမသိမ်းမီကတည်းက ဖွံဖြိုးမှု နောက်ကျပြီး ပညာရေးအခွင့်အလမ်းမရှိသလောက် နည်းပါးတဲ့ နာဂဒေသက ကျောင်းသားမိဘအများစုအဖို့ စစ်အုပ်စု ကျောင်းကလွဲပြီး ရွေးချယ်စရာ မရှိနေတာ ဖြစ်ပါတယ်။ တော်လှန်ရေးအစိုးရဲ့ ပညာရေး စီမံချက်တွေကလည်း နာဂဒေသအတွက် အလှမ်းဝေးနေတာလည်းဖြစ်ပါတယ်။
#NagaNews
#naga_news_peoplesradiomyanmar
ဓါတ်ပုံ အင်တာနက်