
မေလ ၂၈ ရက်၊ ၂၀၂၃
လဟယ်မြို့နယ်၊ တိုက်ရံကျေးရွာမှာ ကုန်းမြင့် လယ်ယာဖော်ထုတ်ဖို့အတွက် ဆိုပြီး စကစ လက်အောက်ခံ နာဂဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ရဲ့ တင်ဒါကော်မတီက အိတ်ဖွင့်တင်ဒါခေါ်ယူထားတာ ဖြစ်ပါတယ်။ ၄င်းကုန်းမြင့်လယ်ယာဖော်ထုတ်မယ့် တိုက်ရံကျေးရွာအနီးက ချောင်းတလျှောက် နှုံးမြေကွင်း (တိုက်ရံလွင်ပြင်ကြီး) ဟာ ဒေသခံတွေကနဦးကတည်းက ပိုင်ဆိုင်ထားတဲ့တောင်ယာကွက်တွေသာ ဖြစ်ပါတယ်။ တောင်သူတွေကို ကုန်းမြင့်လယ်ယာဖော်ထုတ်ပေးမယ် ဆိုပြီး Company တွေကို တင်ဒါခေါ်ယူနေခြင်း ဖြစ်ပါတယ်။
“လယ်ဖော်တာကျတော့ သူတို့ လေလံဆွဲတာပေါ့။ အဲဒီတောင်ယာတွေကိုကျတော့ အပြင်ကလူ မရဘူး။ အဲဒီရွာမှာရှိတဲ့ရွာခံတွေကိုပေးတယ်။ အစကတည်းက အဲဒီတောင်ယာကွက်ပိုင်ရှင်တွေ ရှိပြီးသားပဲလေ။ အခုက အဲဒီတောင်ယာကွက်တွေ လယ်ဖော်ဖို့ လေလံဆွဲတာပေါ့” လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
ဒေသခံတွေ ကနဦး ပိုင်ဆိုင်နှင့်ပြီးသားမြေယာပေါ်မှာ အကျိုးခံစားခွင့်နဲ့ ပိုင်ဆိုင်ခွင့်အာမခံမရှိတဲ့ ဒီစီမံကိန်းကို ဒေသတွင်းက စကစ အကျိုးဆောင် Company တွေက ဝင်ရောက်ယှဉ်ပြိုင်ကြလိမ့်မယ်လို့လည်း သုံးသပ်ပြောဆိုကြပါတယ်။
“ပြီးရင် သူတို့ပဲ သိမ်းသွားအုံးမှာ” လို့ ဒီ စီမံချက်အပေါ် အလုပ်သမားနဲ့တောင်သူအရေးလှုပ်ရှားသူ တစ်ဦးကလည်း သူ့ အမြင်ကိုပြောပါတယ်။
အာဏာသိမ်းအစိုးရရဲ့ ဒေသဖွံ့ဖြိုးရေးအယောင်ပြ လုပ်ငန်းတွေဟာ နာဂဒေသအတွင်းကို ခပ်စိတ်စိတ်လှမ်းလာနေတဲ့အပေါ် အယုံအကြည်မဲ့စွာ တုံ့ပြန်နေတာလည်း ရှိသလို အသိပညာမဲ့စွာ လက်ခံနေတဲ့သူတွေလည်း ရှိနေတာ ဖြစ်ပါတယ်။

#NagaNews
#naga_news_peoplesradiomyanmar