စစ်ကိုင်း မေ ၂၆။ ။ People Radio Myanmar
စစ်ကိုင်းတိုင်း ဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူနဲ့ ကျွန်းလှမြို့နယ်တို့က သဖန်းဆိပ်၊ ကင်းတပ်၊ ကာဘိုး စတဲ့ ဆည်တွေက ဆည်ရေသောက် ပဲတီစိမ်းစိုက်ခင်းတွေဟာ ဒီနှစ်မှာ အချိန်အခါမဟုတ် မိုးသည်းထန်စွာရွာသွန်းခဲ့တာကြောင့် ပဲတီစိမ်းတွေ အရည်အသွေးကျပြီး ဈေးလည်းကျနေတဲ့ အပြင် အထွက်နှုန်းလည်း လျော့ကျနေတယ်လို့ ဒေသခံ တောင်သူတွေဆီက သိရပါတယ်။
မြန်မာတစ်နိုင်ငံလုံးနီးပါး မေလ ၁၂ ရက်နေ့လောက်ကစပြီး မိုခါဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ် လာတဲ့အချိန်မှာ မြန်မာနိုင်ငံ အလယ်ပိုင်း မိုးနည်းရပ်ဝန်းမှာ မိုးရေချိန်က ပုံမှန်ထက် များလာတဲ့အပြင် သဲချောင်းတွေထဲကနေလည်း ရေတွေကျပြီး သီးနှံတွေ ပျက်စီး ဆုံးရှုံးရတယ်လို့ ဒေသခံလူငယ် တောင်သူတစ်ဦးက ပြောပါတယ်။
“ဘာလို့လဲဆိုတော့ ပဲလိုဟာမျိုးက မိုးမိလို့ရှိရင် ပဲတောင့်တွေ ကွဲတယ်။ အသီးထဲ ရေဝင်တယ်။ အသီးတွေ မှိုတက်တယ်။ သဲချောင်းတွေထဲကနေပြီးတော့ ချောင်းတွေ ကျတယ်ပေါ့နော်။ သဲချောင်းတွေက ပုံမှန်ဆိုရင်တော့ မိုးရာသီမှာပဲ မိုးဆင်းတယ်။ နွေရာသီကျတော့ ကျနော်တို့ဆီမှာ မိုးကျလေ့ မရှိဘူး”
ပဲတီစိမ်းတွေဟာ အနည်းဆုံး ၃ ကြိမ် ဆက်တိုက် ခူးရတာဖြစ်ပြီး လက်ရှိမှာတော့ တစ်ကြိမ်မှ မခူးဆွတ်ရသေးတဲ့ တောင်သူသူတွေကမှ ဆုံးရှုံးမှု တန်ဖိုး ပိုများနေတယ်လို့ သူက ဆက်ပြောပြပါတယ်။
“တစ်ချို့အနေအထားက ပထမအကြိမ် ခူးပြီးသား၊ တစ်ချို့တွေက ပထမအကြိမ်တောင် မခူးရသေးဘူး။ လုံးလုံးမှ မရသေးဘူး။ ခူးခါနီးမှာ ဒီလို ကျလိုက်တော့ ပျက်စီး ဆုံးရှုံးသွားကြတယ်။ နှမ်းဆိုလည်း အဲလိုပဲ အသီးတောင့်ကို မိုးမှန်ရင်ကို အဲလိုပဲ ဖြစ်သွားတယ်။ အစေ့တွေ လုံးဝ မရတော့ဘူး”
အခု ၂၀၂၃ ခုနှစ် ဈေးကွက် အနေအထားအရ မုန်တိုင်းကြောင့် မိုးမမိခင်အချိန်တွေဟာ ဈေးကွက် ဖွင့်ဖွင့်ချင်း တစ်တင်းကို ၇၀,၀၀၀ ကျော် ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့ နှစ်တွေတုန်းက ဈေးကွက် အနေအထားကတောင် ၅၀,၀၀ ပဲရတယ်လို့ ဆိုပါတယ်။
“ဈေးကောင်းတယ်ဆိုတော့လည်း တောင်သူတွေက အများကြီး စိုက်ကြတာပေါ့နော်။ ဖျက်သွားတာက ဘာက ဖျက်သွားတုန်းဆိုတော့ ရာသီဥတုက ဖျက်သွားတာပေါ့နော်။ မူလ စိုက်ပျိုးထားတဲ့ စရိတ် မပါဘူး ပေါ့နော်။ ပဲခူးရတဲ့ စရိတ်ကြီးပဲ တစ်တင်းကို ၁၈,၀၀၀ လောက်ရှိတယ်” လို့ ဒေသခံတောင်သူ လူငယ်တစ်ဦးက ဆက်ရှင်းပြပါတယ်။
ဒီနှစ်ထဲမှာ စိုက်ပျိုး စရိတ်က ၁ ဧကကို ၅ သိန်း ဝန်းကျင်ကျပြီး အထွက်နှုန်းက ၁ ဧကကို တင်း ၂၀ ဝန်းကျင် ထွက်ပေမယ့် ဒီနှစ်ရဲ့ ရာသီဥတုကြောင့် မိုးမိ၊ ရေစိုတာတွေနဲ့ အရည်အသွေး မကောင်းတော့တဲ့ အပြင် အထွက်နှုန်း များစွာလျော့သွားတယ်လို့ နောက်ထပ် တောင်သူတစ်ဦးက အခုလို ပြောပြပါတယ်။
“တစ်တင်း ၅ သောင်း လောက်ပဲ ဈေးရရင်တော့ ကောက်မနေတော့ဘူး။ ကောက်ခနဲ့တင် ၂၀,၀၀၀ နီးပါး ကုန်နေပြီ။ တခြား စရိတ်တွေ မပါသေးဘူး။ ပဲတီစိမ်း ဧက ၃၀ စိုက်ထားတာ ပထမအကြိမ် ခူးခါနီး မုန်တိုင်းမိတော့ ၅ ဧက လောက်က ချောင်းရေတက်လို့ အပင်တောင် မရလိုက်တော့ဘူး။ ၂၅ ဧက ကောက်တာ တင်း ၃၀ ပဲရတယ်။ ဒါတောင် အရည်အသွေးက အညံ့တွေ။ အဲဒီ ၂၅ ဧကထဲက ၇ ဧကလောက်ပဲ အပင်ကျန်ပြီး ကျန်တာတွေကလည်း ရေနာပြီး သေကုန်တယ်”
ဆုံးရှုံးသွားတဲ့ ဒေသခံ တောင်သူတွေ အနေနဲ့ ပြန်စိုက်ပျိုးဖို့ အရင်းအနှီးတွေ ခက်ခဲနေပြီး တချို့တွေက စုဆောင်းထားတဲ့ရွှေ၊ ရွှေမရှိရင် ကျွဲနွား၊ ကျွဲနွား မရှိရင် စိုက်ခင်းတွေကိုပါ ဖဲ့ရောင်း ကြရတာကြောင့် တောင်သူတွေအနေနဲ့ တစ်ခြားနိုင်ငံတွေလို သီးနှံအာမခံကြေး စနစ်တွေ ပေါ်ပေါက်လာစေချင်တယ်လို့ ဆိုပါတယ်။
ပဲတီစိမ်း အပါအဝင် ပဲမျိုးစုံ နဲ့ နှမ်းတွေဟာလည်း မြန်မာနိုင်ငံရဲ့ အများဆုံး နိုင်ငံခြား ပို့ကုန်တွေဖြစ်တယ်လို့ ပို့ကုန်လုပ်ငန်းရှင်တွေက ပြောပါတယ်။
သတင်း/ ဓါတ်ပုံ – မြောက်ပိုင်းသူ
အဖွဲ့ – ချယ်ရီနွေဦး