မေလ ၂၇ ရက်၊ ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ် ၊ ဘားအံမြို့က ဇွဲကပင်တောင် ခြေရှိ Zwekabin Valley ဟိုတယ်အတွင်းမှာ ဒူးရင်းသီး ဘူဖေးအဝစားပွဲတော် ဒုတိယအကြိမ်မြောက်ကို မေလ ၂၇ ရက်နေ့လည် ၁၂ နာရီကနေ ၃ နာရီအချိန်ထိ ကျင်းပသွားမယ်လို့သိရပါတယ်။
ဒူးရင်းသီးဘူဖေးအဝစားပွဲတော်လာရောက်သူတွေကို ဒူးရင်သီး အလုံးရေ ၅၀၀ မင်းဂွတ်သီးနဲ့ ကြက်မောက်သီးကိုလည်း ကျွေးမွေးသွားမှာဖြစ်ပြီး ဘားအံမြို့မှာ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဒေသထွက်သီးနှံတွေ ဒေသထွက်ကုန်ရောင်းအားမြှင့်တင်တဲ့အနေနဲ့ အခုလိုပွဲကျင်းပရတာဖြစ်တယ်လို့ ညီသုတပွဲရုံပိုင်ရှင်ကပြောပါတယ်။
“ဒါက ဒုတိယအကြိမ်မြောက်ပါ၊ ဒူးရင်းသီးအလုံးရေ ၅၀၀ ပါမယ် နောက်ပြီး သပ်သပ်ခွဲထားတဲ့ ဗူးတွေပါမယ်၊ အဲ့ဒီဗူးတွေဆိုရင်လည်း အနည်းဆုံး ၁၅၀၊ ၂၀၀ ကြားပါပါမယ် ခွဲပြီးတော့ ပါကင်ပိတ်ထားတဲ့ ကီလိုဝက်ဗူးတွေပေါ့၊ ကြက်မောက်သီးဆိုရင်ကီလို ၄၀ ထည့်ထားပေးတယ်၊ မင်းဂွတ်သီးဆိုရင်တော့ အလုံး ၃၀၀ လောက်ထည့်ထားပေးပါတယ်” လို့သူကပြောပါတယ်။
ဒါ့အပြင် ပွဲတော်အတွက် လက်မှတ်တွေကို ဘားအံမြို့ကမ်းနားလမ်းရှိ Crown (Hpa-An) Souvenir & Gift shop နဲ့ မော်လမြိုင်ကမ်းနားလမ်းရှိ Crown (Mawlayine) Souvenir & Gift shop တို့မှာ ဝယ်ယူနိုင်ပြီး လူဦးရေအယောက် ၁၀၀ ကန့်သတ်ထားကာ လူကြီးတစ်ဦးကို ၂၅၀၀၀ ကျပ်နှုန်းနဲ့ ကလေးတစ်ဦးကို ၁၂၅၀၀ ကျပ်နှုန်း ရောင်းချပေးတာဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။
“လက်မှတ်ကိုတော့ ၂၅ ရက်နေ့ကတည်းက အရောင်းပိတ်တာပါ၊ လာကြမှကတော့ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ မော်လမြိုင်အနယ်နယ်အရပ်ရပ်ကပေါ့ ၃ နှစ်အောက် ကလေးတွေဆိုရင်တော့ ပိုက်ဆံမယူပါဘူး၊ ၃ နှစ် နဲ့အထက်ဆိုရင်တော့ လူကြီးလက်မှတ်တစ်ဝက်စာယူတယ်ပေါ့၊ ဘူဖေးဆိုတော့လေ ဒီမှာဘဲ ဒီတနေရာထဲမှာဘဲ အဝစားအိမ်တို့ဘာတို့တော့ ယူလို့အဆင်မပြေဘူးပေါ့၊ ဒီမှာပဲလာပြီးတော့ ပျော်ပျော်ရွှင်ရွှင် စားသောက်ကြမယ် အဲ့လိုမျိုးလေးပေါ့” လို့သူကပြောပါတယ်။
အခုလိုပွဲကျင်းပတာနဲ့ပတ်သက်ပြီး ဘားအံမြို့ဒေသခံတစ်ဦးကတော့” ၂ သောင်းခွဲဖိုးတောင် မကုန်ဘူးလေ တစ်ယောက်စားရင်” လို့သူကပြောပါတယ်။
အဲ့ဒီပွဲတော်အတွင်းမှာလည်း ကရင်ပြည်နယ်ဒေသထွက်ကုန်တွေဖြစ်တဲ့ ကရင်ရိုးရာ လက်ယက်ကန်း အဝတ်အထည်တွေ၊ ကရင်ရိုးရာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်ကလည်း ပထမအကြိမ်ဒူးရင်းသီး ဘူဖေးပွဲတော်ကို ဘားအံမြို့အတွင်းရှိ Veranda Cafe’ မှာကျင်းပခဲ့တာလည်းဖြစ်ပါတယ်။
သတင်း – နော်ဖူးဖူး
ဓါတ်ပုံ – CJ
Phar Si Than (People’s Radio Myanmar)