မေလ ၂၆ ရက်၊ ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကမိုင်ကုန်းကျေးရွာမှာ မနေ့ မေလ ၂၅ ရက်နေ့ နေ့လည် ၁၂ နာရီလောက်က စစ်ကောင်စီတပ်ရဲ့ ခလရ ၉၇ တပ်ရင်းကနေလက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ဒေသခံနေအိမ်တွေကို လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ကမိုင်ကုန်းဒေသခံတွေက ဆိုပါတယ်။
စစ်ကောင်စီတပ်လက်အောက်ခံ ခလရ ၉၇ နဲ့ လှိုင်ဝအမြောက်ကုန်းကနေ ကော့ကရိတ်မြို့ တောင်ဘက်ကျေးရွာတွေထဲကို လက်နက်ကြီးနဲ့ နေ့တိုင်းနီးပါးပစ်ခတ်နေတာပါ။
အခုလို လက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့် ကမိုင်ကုန်းကျေးရွာက လူနေအိမ် ၂ လုံးနဲ့ ဘုရားကျောင်းတစ်ခုကို လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၆၂ နှစ်အရွယ် အတောင်းနဲ့ ၃၁ နှစ်အရွယ် ဦးကျော်မင်းထွန်းတို့ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကမိုင်ကုန်းကျေးရွာ ဒေသခံတွေက ပြောပါတယ်။
“၉၇ ကနေဆက်တိုက်ပစ်တာ၊ အလုံး ၃၀ ကျော်တယ်၊ရွာထဲကိုကျတော့ လူနေအိမ်၂လုံးထိတယ်၊ ၁လုံးကတော့ မီးလောင်သွားတယ်၊ နောက်ပြီးတော့ ဘုရားကျောင်းတစ်ဆောင်လည်းထိသွားတယ်၊ ရွာထဲက လူ၂ယောက် လက်နက်ကြီးစထိသွားတယ်၊ မစိုးရိမ်ရဘူး၊ရွာတန်းရှည်ဘက်ကိုလည်းကျတယ်၊ နွား၂ကောင်သေတယ်လို့ကြားတယ်” လို့ ကမိုင်ကုန်းကျေးရွာမှာ နေထိုင်သူ တစ်ဦးက ပြောပါတယ်။
စစ်ကောင်စီတပ်လက်အောက်ခံ ခလရ ၉၇ တပ်က ကော့ကရိတ်တောင်ပိုင်းကျေးရွာတွေဖြစ်တဲ့ ကမိုင်ကုန်းကျေးရွာ၊ ရွာတန်းရှည်ကျေးရွာ၊ အံဖကြီးကျေးရွာ၊ တောင်ကြာအင်းကျေးရွာ၊ ကြောင်လျှာကုန်းကျေးရွာနဲ့ အနီးနားကျေးရွာတွေဘက်ကို လက်နက်ကြီးနေ့ နေ့တိုင်းနီးပါး ပစ်ခတ်နေတာကြောင့် ဒေသခံတွေမှာ အသံကြားတာနဲ့ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“သူတို့က တစ်ချိန်လုံး ပစ်နေတာလေ၊ ပစ်နေတော့ ရွာက လူတွေကတော့ အသံကြားရင် ရွာဘုန်းကြီးကျောင်းထဲကိုအဓိကပြေးကြတာပေါ့၊ တစ်ချို့ကလည်း ခြံထဲပြေးတဲ့လူကပြေးပေါ့၊ စားတာကတော့ ဘုန်းကြီးကျောင်းမှာဘဲစားရတယ်၊ အသံငြိမ်ရင် ရွာထဲမှာ ပြန်နေပေါ့၊ ဒီလိုဘဲနေနေရတယ်” လို့တောင်ကြာအင်းကျေးရွာမှာနေထိုင်သူတစ်ဦးက ဆိုပါတယ်။
ပြီးခဲ့တဲ့ မေလ ၂၂ ရက်နေ့ကလည်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် ကမိုင်ကုန်းကျေးရွာရှိ စျေးဆိုင်တစ်ခုလည်း မီးလောင်ပျက်စီးခဲ့ပါတယ်။
လက်ရှိအချိန်မှာလည်း စစ်ကောင်စီတပ်တွေက အခုလို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတဲ့အပြင်ကော့ကရိတ်တောင်ပိုင်း ကျေးရွာလမ်းတွေကို ဖျက်ဆီးထားပြီး ဆန်သယ်ယူခွင့်ကို ကန့်သတ်ထားတာကြောင့် ဒေသခံတွေမှာ ဆန်ပြတ်လတ်မှုတွေနဲ့ ရင်ဆိုင်နေရတာလည်း ဖြစ်ပါတယ်။
သတင်း – ကိုဖြိုး
ဓါတ်ပုံ – ပုံဟောင်း
Phar Si Than (People’s Radio Myanmar)