မေလ ၂၄ ရက် ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ်၊ ဖာပွန်မြို့နဲ့ ကမမောင်းကို ဆက်သွယ်ထားတဲ့လမ်းကို စစ်ကောင်စီတပ်က ပိတ်ထားတာကြောင့် ဖာပွန်မြို့မှာ ကုန်စည်စီးဆင်းမှုရပ်တန့်လုနီးပါးဖြစ်နေတယ်လို့ ဖာပွန်မြို့ဒေသခံတွေက ပြောပါတယ်။
ဖာပွန်-ကမမောင်းလမ်းကို စစ်ကောင်စီတပ်နဲ့ BGF တပ်တွေက ပြီးခဲ့တဲ့ ဧပြီလကစကာ တစ်လကို ၅ ရက်သာ ရိက္ခာဝယ်ယူခွင့်ပေးပြီး အသွားအလာကန့်သတ်ထားတာဖြစ်ပါတယ်။
အခုလို ဖာပွန်-ကမမောင်းလမ်းကိုပိတ်ထားတာကြောင့် ဖာပွန်မြို့ဒေသခံတွေမှာ ကုန်ပစ္စည်းဝယ်ယူဖို့ ကို တောလမ်းအသုံးပြုနေရပြီး ကုန်စည်စီးဆင်းမှု ရပ်တန့်လုနီးပါးဖြစ်နေတယ်လို့ ဖာပွန်မြို့ဒေသခံ တစ်ဦးက ပြောပါတယ်။
“အခုက ကားလမ်းကို ပိတ်ထားတယ်၊ ၁ လမှာ ပထမ ၅ ရက်ဘဲ သွားလို့ရတာ၊ ဒါတောင်လမ်းမှာ စစ်တာတွေက ၅ ခုလောက်ရှိတယ်၊ အခုလမ်းကောင်းကောင်းကသွားမရရင် တောလမ်းကနေ သွားရတာပေါ့၊ အဲ့လိုတောလမ်းကနေသွားတော့ ကြာတယ်၊ ပစ္စည်းတွေလည်းများများဝယ်မရဘူး၊ အဲ့လိုဆိုတော့ မြို့ထဲမှာလည်း ကုန်စျေးတွေတက်တာပေါ့၊ အဓိက နေ့စဥ်သုံးတဲ့ ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်တွေ စျေးတက်တာပေါ့၊ ကြက်သွန်ဆို ၁ပိသာ ၁သောင်းနီးနေပြီး၊” လို့ ဖာပွန်မြို့မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်က ဖာပွန်မြို့နဲ့ အနီးတစ်ဝိုက်ကျေးရွာတွေမှာ ဖုန်းလိုင်းနဲ့ လျှပ်စစ်မီး မရရှိတာ ၁နှစ်ကျော်ရှိနေပြီးလို့ ဖာပွန်မြို့ ဒေသခံတွေကဆိုပါတယ်။
“ဖုန်းလိုင်းက မနက်ပိုင်းဆိုရင် ပျက်တယ်၊ ဒီလိုဖြစ်နေတာက တစ်နှစ်ကျော်နေပြီး၊ လိုင်းရတော့လည်း လိုင်းမကောင်းဘူး၊ ဖုန်းတိုင်နဲ့ နီးတဲ့နေရာတွေမှာ သွားသုံးရတယ်၊ မီးဆိုရင်လည်း မရတာ ကြာနေပြီး၊ ဒီဘက်က လူတွေကတော့ မီးစက်တို့ ဆိုလာတို့ အိမ်တိုင်းနီးပါးရှိနေပြီး၊ ဝယ်မနိုင်တဲ့လူတွေကတော့ ဝယ်ထားတဲ့အိမ်မှာ သွားသုံးပေါ့” လို့ ဖာပွန်မြို့မှာနေထိုင်သူတစ်ဦးက ပြောပါတယ်။
လက်ရှိအချိန် စစ်ကောင်စီတပ်တွေက ဖာပွန်မြို့နယ်ထဲမှာရှိတဲ့ ကျေးရွာတွေထဲမှာ တပ်စွဲနေထိုင်တာတွေရှိနေပြီး ကျေးရွာတွေဘက်ကိုလည်း လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေကြောင့် ဒေသခံအရပ်သားထိခိုက် ဒဏ်ရာရရှိမှုတွေဖြစ်ပွားနေတယ်လို့ ဖာပွန်မြို့ဒေသခံတွေဆီက သိရပါတယ်။
သတင်း – ကိုဖြိုး
ဓာတ်ပုံ – ပုံဟောင်း
Phar Si Than (People’s Radio Myanmar)