မေလ ၂၅ ရက်၊ ၂၀၂၃ ခုနှစ်
မွန်ပြည်နယ် ၊ ကျိုက်ထိုမြို့နယ်မှာ စစ်ကောင်စီတပ်က အင်အား (၆၀) ခန့်ဖြင့် လှည်းလမ်းကူးကျေးရွာ နဲ့ ဆောင်လှိုင်ဂွကျေးရွာ ရွာချင်းဆက်လမ်းကို မေလ (၂၄) ရက်နေ့ ည ၇ နာရီ ကျော်လောက်မှာ ဘက်ဟိုးဖြင့် ဖျက်ဆီးခဲ့တယ်လို့ Kyaikhto Information Organization ထံမှသိရပါတယ်။
အခုလိုစစ်ကောင်စီတပ်က ကျိုက်ထိုမြို့နယ်မှာ ကျေးရွာချင်းဆက်တဲ့လမ်းတွေကို ဖျက်ဆီးခဲ့တာကြောင့် အဆိုပါ လမ်းကိုအသုံးပြုနေတဲ့ ကျေးရွာပေါင်း (၂၅) ရွာခန့်က ဒေသခံတွေအနေနဲ့ သွာလာရေးအပြင် သယ်ယူပို့ဆောင် ရေးတွေမှာလည်း အခက်အခဲတွေရှိနေပါတယ်။
ကျိုက်ထိုအခြေစိုက် တပ်မ (၄၄) ဌာနချုပ်မှာ စစ်ကောင်စီတပ် ဝန်ထမ်းအင်အားနည်းပါးလာသလို တော်လှန်ရေး တပ်ဖွဲ့တွေ ရုတ်တရက် ဝင်ရောက်တိုက်ခိုက်မှာကို စိုးရိမ်တာကြောင့် အခုလိုတွေ လုပ်ဆောင်နေတာဖြစ်တယ်လို့ KTO မှ တာဝန်ရှိသူ တဦးကပြောပါတယ်။
“သူတို့က အဓိကကတော့ ပြည်သူတွေကို ဒုက္ခပေးတာ ။ နောက်တခုက PDF တွေဆီကို ရိက္ခာတွေ လွယ်လွယ် မရောက်အောင် အခုလိုတွေတားဆီးတာလို့ထင်ပါတယ်။ ကျိုက်ထိုက တပ်မ(၄၄) ဌာနချုပ်မှာ ဝန်ထမ်းအင်အားက နည်းလာတော့ သူတို့ကို ရုတ်တရက် လာတိုက်မှာကို စိုးရိမ်တာကြောင့်လုပ်တာလို့ ယူဆရပါတယ်” လို့ ဆိုပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်က ကျိုက်ထိုမြို့နယ်အတွင်းမှာ ဖျက်ဆီးခဲ့တဲ့လမ်းအရေအတွက် စုစုပေါင်း (၅) လမ်း ရှိပြီဖြစ်သလို အဆိုပါလမ်းပိုင်းတွေမှာ တစ်လမ်းနဲ့တစ်လမ်း ဆက်စပ်နေတဲ့ လမ်းတွေလည်းဖြစ်ပါတယ်။
ပြီးခဲ့တဲ့ မေလ (၁၉) ရက်နေ့ကလည်း ကျိုက်ထိုမြို့ရှိ ကင်မွန်းချောင်းကျေးရွာနဲ့ ဆောင်နိုင်ကြီးကျေးရွာ ဆက်သွယ် ထားတဲ့လမ်းကို စစ်ကောင်စီတပ်က ဖျက်ဆီးခဲ့သလို မေလ (၂၀) ရက်နေ့ကလည်း ဝင်းကလော့ကျေးရွာ ဝင်တဲ့လမ်းကို လုံခြုံရေးအပြည့်နဲ့ ဖျက်ဆီးခဲ့ပါတယ်။ အဲ့ဒီလမ်းပိုင်းဟာ ကျိုက်ထိုမြို့ရဲ့ အဓိကကျတဲ့ ကျိုက်ထို − ရန်ကုန် အာရှလမ်းမကြီး နဲ့ ချိတ်ဆက်ထားတဲ့လမ်းတွေ ဖြစ်တာကြောင့် ဒေသခံတွေအနေနဲ့ သွားလာရေး အခက်အခဲတွေ အပြင် လူမှုစီးပွားဘဝတွေ ခက်ခဲနေတာလည်းဖြစ်ပါတယ်။
သတင်း − မေမီမင်းညို
ဓာတ်ပုံ − Kyaikhto Information Organization
Phar Si Than (People’s Radio Myanmar)