Site icon People’s Radio Myanmar

အင်းလေးဒေသမှာ မီးလင်းနေတဲ့ အိမ်တွေကိုရှောင်တခင် ဧည့်စာရင်းဝင်စစ်

အင်းလေးဒေသမှာ မီးလင်းနေတဲ့ အိမ်တွေကိုရှောင်တခင် ဧည့်စာရင်းဝင်စစ်

အင်းလေး မေ ၂၄။ ။ People Radio Myanmar

ရှမ်းပြည်နယ် တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသမှာ မီးလင်းနေတဲ့ နေအိမ် ၃ လုံးကို ရှောင်တခင် ဧည့်စာရင်းဝင်စစ်မှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သာလေးကျေးရွာအုပ်စု၊ အိုးကုန်းကျေးရွာမှာ မနေ့(မေလ ၂၄)ရက်နေ့ ည ၈ နာရီခွဲ အချိန်လောက်က စစ်ကောင်စီလက်အောက်ခံ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန (ထွေအုပ်) ရပ်ကျေးစာရေး ပျူစောထီးအဖွဲ့ဝင် ဦးချစ်ကိုနဲ့ ဖောင်တော်ဦးဘုရား ရဲကင်းက ရဲတပ်သား ၃ ဦးဟာ ဝင်ရောက် စစ်ဆေးခဲ့တာပါ။

အစစ်ခံရတဲ့ အိမ်တွေနဲ့ နီးစပ်သူ တစ်ဦးက “တာဝန်အရလို့ ​ပြောတယ်။ ဘာတာဝန်လဲဆိုတော့ မပြောဘူး။ အဲဒီအိမ်ကလည်း သိတဲ့အတိုင်း ၆၀ ကျော် အမျိုးသမီး ၂ ယောက်နဲ့ ၈၀ ကျော် လူမမာပဲရှိတာ။ ဘာမှလည်း နိုင်ငံရေးနဲ့ မဆိုင်ဘူး” လို့ ပြောပါတယ်။

ဒါ့အပြင် ကျန်တဲ့ နေအိမ် ၂ လုံးမှာလည်း Non-CDM ကျောင်းဆရာမတွေ နေထိုင်ကြပြီး စစ်တပ်ထောက်ခံတဲ့အိမ် ဖြစ်တဲ့အပြင် ကျန်နေအိမ်တစ်လုံးကလည်း ကုန်သည်လုပ်ကိုင်နေတဲ့အိမ် ဖြစ်တယ်လို့ ဆိုပါတယ်။

အခုလို ရှောင်တခင် ဧည့်စာရင်း လာစစ်တာဟာ တစ်ရွာလုံး မီးပြတ်ပြီး မှောင်မဲနေတဲ့အချိန် သူတို့ ၃ အိမ်ပဲ မီးလင်းနေတာကြောင့် ဖြစ်နိုင်တယ်လို့လည်း နီးစပ်သူတစ်ဦးက ဆက်ပြောပြပါတယ်။

“အဲဒီ ၃ အိမ်မှာ ၂ အိမ်က မီးစက်နှိုးထားတာ။ ကျန်တဲ့အိမ်က ဆိုလာ တပ်ထားတာဆိုတော့ လင်းထိန်နေတာပေါ့။ အဲတော့လည်း စစ်ချင်စရာ ဖြစ်သွားတာပေါ့။ အရင်က နိုင်ငံရေးလုပ်တဲ့ အိမ် ဘာညာဆိုရင် လက်ခံနိုင်ပါတယ်။ ခုဟာက ဘာမှမဆိုင်တဲ့အပြင် တပ်ထောက်ခံသူ အိမ်တောင် ပါသေးတာ”

သာလေးကျေးရွာနဲ့ အိုးကုန်းကျေးရွာဟာ ဖောင်တော်ဦးဘုရား မြောက်ဘက်ကပ်ရက်မှာ ရှိပြီး လူဦးရေ ၁,၀၀၀ နီးပါးခန့် နေထိုင်ကြတယ်လို့ သိရပါတယ်။

အဲဒီကျေးရွာဟာ ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲတုန်းကလည်း စစ်ကောင်စီလက်အောက်ခံ အင်းအမျိုးသား အဖွဲ့ချုပ်ပါတီ အနိုင်ရခဲ့တဲ့အပြင် လက်ရှိမှာလည်း ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (USDP)ကို အမာခံထောက်ခံကြတဲ့ ရွာလည်း ဖြစ်တယ်လို့ နီးစပ်ရာကျေးရွာမှာ နေထိုင်သူတွေ ပြောဆိုထားပါတယ်။

#အင်းငယ်

Exit mobile version