မေလ ၂၄ ရက်၊ ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်ရင်း (၂၀၁) နယ်မြေအတွင်းက ကျေးရွာတစ်ရွာကို စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ခရစ္စယာန်ဘုရားကျောင်းအပါအဝင် ဘုရားကျောင်းဝင်းအတွင်းက အဆောက်အဦး ၈ လုံးခန့်ထိမှန် ပျက်စီးခဲ့တယ်လို့ ဒေသခံတွေထံမှသိရပါတယ်။
မောခီးကျေးရွာအုပ်စု၊ ပနွယ်ဖိုးကလိုးကျေးရွာအပြင်မှာ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲသုံးရက်တာဖြစ်ပွားခဲ့ပြီးနောက် ပနွယ်ဖိုးကလိုးကျေးရွာအတွင်းကို စစ်ကောင်စီတပ်က မေလ ၂၃ ရက်နေ့ ည ၁၁ နာရီ ၃၀ မိနစ်အချိန်မှာ လေယာဥ်နဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
အခုလိုဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ခရစ္စယာန်ဘုရားကျောင်းအပါအဝင် ဘုရားကျောင်းဝင်းအတွင်းက အဆောက်အဦး ၈ လုံးခန့်ထိမှန်ပျက်စီးခဲ့တယ်လို့ ပနွယ်ဖိုးကလိုးကျေးရွာက ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။
“မလာကြဲခင် တိုက်ပွဲဖြစ်တယ် ရွာအနီးအနားမှာဖြစ်တယ်၊ ရွာထဲမှာတော့တိုက်ပွဲမဖြစ်ဘူး၊ အများကြီးပဲထိခိုက်တာ၊ ဘုရားကျောင်းအဆောင်အအုံအကုန်ပျက်စီးတယ် ယောင်္ကျားလေး ဘော်ဒါဆောင်၊ ထမင်းစားဆောင်၊ ဘော်ဒါဆောင်က ဘုရားဘေးနားမှာရှိတယ်၊ နွေရာသီ ကျောင်းပိတ်ချိန်လေ ကျောင်းမဖွင့်သေးလို့ လူထိတာတော့မရှိဘူး ကြဲတာကတော့ ၂ လုံးကြဲသွားတာ” လို့သူပြောပါတယ်။
စစ်ကောင်စီတပ်က လေကြောင်းကနေ ကျေးရွာအတွင်းကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် လူဦးရေ ၂၅၀ ဝန်းကျင်ရှိတဲ့ ပနွယ်ဖိုးကလိုးကျေးရွာက ဒေသခံပြည်သူတွေဟာ ကျေးရွာထဲမနေရဲကြတော့ဘဲ လက်ရှိအချိန်ထိ အနီးအနားဝန်းကျင်က တော၊ တောင်တွေမှာ တိမ်းရှောင်နေရတယ်လို့ဆိုပါတယ်။
ပနွယ်ဖိုးကလိုးကျေးရွာကို လေယာဥ်နဲ့ဗုံးကြဲတိုက်ခိုက်တာဟာ ဒုတိယအကြိမ်မြောက်ဖြစ်ပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကလည်း ကျေးရွာအတွင်းကိုဗုံးကြဲခဲ့တာကြောင့် အသက် ၄၅ နှစ်အရွယ်အမျိုးသား တစ်ဦး ဗုံးစထိမှန်ဒဏ်ရာရရှိခဲ့ကာ ဒေသခံပြည်သူနေအိမ်တစ်လုံး ပျက်စီးခဲ့ပါသေးတယ်။
သတင်း – နော်ဖူးဖူး
ဓါတ်ပုံ – CJ
Phar Si Than (People’s Radio Myanmar)