လောင်းလုံးမှာ မြို့မရဲစခန်းအပါအဝင် ရုံးသုံးခု တိုက်ခိုက်ခံရ၊ လဝက ဒုဦးစီးသေဆုံး
မော်လမြိုင်၊ မေ၊ ၂၃
တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့ပေါ်မှာ စစ်ကောင်စီလက်အောက်ခံ မြို့မရဲစခန်း၊ လ.ဝ.ကရုံး၊ စရဖရုံး တိုက်ခိုက်ခံရမှုမှာ လ.ဝ.ကဒုဦးစီးမှူးတစ်ဦးသေဆုံးကာ ဝန်ထမ်းတချို့ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံတွေထံမှ သိရပါတယ်။
ဒီကနေ့ နံနက်ပိုင်းမှာ လောင်းလုံးမြို့ပေါ်က လ.ဝ.ကရုံး၊ စစ်ဖက်ရေးရာ လုံခြုံရေး တပ်ဖွဲ့(စရဖရုံး)၊ မြို့မရဲစခန်းတို့ကို အမည်မသိတော်လှန်ရေးအင်အားစုတွေ တပြိုင်နက်ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
“ မနက်ပိုင်းမှာ ဝင်ပစ်ခံရတာပါ။ အကုန်သုံး၊ လ.ဝ.ကရော၊ စရဖရော၊ ရဲစခန်းရောဘဲ၊ အဓိက ပစ်ခတ်ခံရတာက လ.ဝ.က ရုံးလို့ သိရတယ်။ ရုံးတစ်ခုနဲ့ တစ်ခုက အရမ်းမဝေးဘူး၊ နီးနီးလေးပဲ၊ လ.ဝ.ကနဲ့ စရဖဆို ပိုနီးသေးတယ်။” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
အဲဒီလိုဝင်ရောက်တိုက်ခိုက်ရာမှာ လ.ဝ.ကရုံးမှ ဒုတိယဦးစီးမှူးတစ်ဦးသေဆုံးခဲ့ကာ ဝန်ထမ်းတချို့လည်း ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ပေမယ့် ရဲစခန်းနဲ့ စရဖရုံးတိုက်ခိုက်ခံရမှုမှာတော့ ထိခိုက်သေဆုံးမှုကို မသိရဘူးလို့ ဆိုပါတယ်။
“ ကြားတာတော့ လ.ဝ.က ဒုဦးစီးသေသွားတယ်၊ ဝန်ထမ်းနှစ်ယောက်လောက်တော့ ဒဏ်ရာရတယ်လို့ ကြားတယ်။ ရဲစခန်းနဲ့ စရဖရုံးကတော့ မကြားမိဘူးပေါ့နော်။” လို့ အဲဒီဒေသခံ က ပြောပါတယ်။
အဲဒီပစ်ခတ်မှုဟာ ၁၀ မိနစ်ဝန်းကျင်လောက်သာ ရှိခဲ့ပြီး ပစ်ခတ်မှုဖြစ်ပွားပြီးနောက်မှာ စစ်ကောင်စီဘက်က လက်နက်ငယ်တချို့ ပြန်လည်ပစ်ခတ်တာတွေ ရှိခဲ့တာကြောင့် အရပ်သားတချို့ ထိခိုက်ဒဏ်ရာရတာ ရှိတယ်လို့ ဒေသခံတွေအကြားမှာ ပြောဆိုမှုတွေ ရှိနေပေမယ့် သီးခြားအတည်ပြုပေးနိုင်ခြင်းမရှိပါဘူး။
ဒီပစ်ခတ်မှုကို ဘယ်အဖွဲ့က လုပ်ဆောင်ခဲ့တာကို ထုတ်ပြန်ထားခြင်းမရှိသေးဘဲ အဲဒီဒေသမှာ လှုပ်ရှားနေတဲ့ တော်လှန်ရေး အင်အားစုတွေကို PRM အနေနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားပေးခြင်းမရှိသေးပါဘူး။
အဆိုပါပစ်ခတ်မှု ဖြစ်ပွားပြီးချိန်မှာ စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့တွေက အင်အားအများအပြားနဲ့ ရောက်ရှိလာပြီး မြို့ပေါ်မှာ စစ်ဆေးရှာဖွေတာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဓါတ်ပုံ – တပ်ထောက်ခံတယ်လီဂရမ်