မေလ ၂၃ ရက်၊ ၂၀၂၃ ခုနှစ်
ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်ရှိ ကျေးရွာတွေ တစ်ရွာကို သေနတ် ၂ လက် ဝယ်ယူရမယ်လို့ စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ်က အမိန့်ထုတ်ထားတယ်လို့ ပင်လောင်းမြို့နယ် ဒေသခံတွေကပြောပါတယ်။
ကျေးရွာကာကွယ်ရေး ဆိုတဲ့ခေါင်းစဉ်နဲ့ PNO ပြည်သူ့စစ်က ဝယ်ခိုင်းတာဖြစ်ပြီး သေနတ်ဝယ်ဖို့ ကုန်ကျမယ့် ငွေကြေးကို ကျေးရွာတွေက ကိုယ့်အစီအစဉ်နဲ့ကိုယ် ကောက်ခံရမယ်လို့ PNO ပြည်သူ့စစ်က အမိန့်ထုတ်ထားတာဖြစ်ပါတယ်။
“အခုက တစ်ရွာကို နှစ်လက် ဝယ်ရမယ်ဆိုပြီး ငွေကောက်ခိုင်းနေတယ်။ တစ်ချို့ရွာက ဝယ်ပြီးသွားပြီ။ တစ်ချို့ရွာက မဝယ်ရသေးဘူး။ သေနတ်ဝယ်တာက သူတို့ကို ငွေအပ်ပြီး ဝယ်ခိုင်းရတယ်။” လို့ ပင်လောင်းမြို့နယ် တောင်ပိုင်းမှ ဒေသခံတစ်ဦးကပြောပါတယ်။
PNO ပြည်သူ့စစ်က ဒေသခံတွေကို တစ်ရွာ သေနတ် ၂ လက် ဝယ်ခိုင်းတာဟာ ပြီးခဲ့တဲ့ ဧပြီလ ကတည်းကဖြစ်ပြီး သူတို့ရဲ့ အုပ်ချုပ်ရေး ယန္တရားကနေတစ်ဆင့် ရွာသူကြီးတွေကို ခေါ်ယူတွေ့ဆုံပြီး အမိန့်ပေးစေခိုင်းထားဖြစ်တယ်လို့ သူကပြောပါတယ်။
PNO ပြည်သူ့စစ်က ကျေးရွာကာကွယ်ရေးအတွက် ဒေသခံတွေကို သေနတ်ဝယ်ဖို့ ငွေကောက်ခံခိုင်းရာမှာ သေနတ်တစ်လက် ငွေကျပ်သိန်း ၃၀၀ ကောက်ခိုင်းတယ်လို့ နောက်ထပ် ဒေသခံတစ်ဦးကပြောပါတယ်။
“သူတို့ပြောတာက ရွာသားတွေ ကိုယ့်ကျေးရွာလုံခြုံရေး ကိုယ်တာဝန်ယူဖို့ပေါ့။ သေနတ်တွေက ရွာကင်းစောင့်သမားတွေကိုင်ဖို့လို့ပြောတယ်ဗျ”
လို့ သူကပြောပါတယ်။
PNO ပြည်သူ့စစ်ရဲ့ ယခု လုပ်ရပ်ဟာ ဒေသခံကျေးရွာသားတွေကို စစ်ပွဲထဲ ဆွဲထည့်တဲ့ လုပ်ရပ်ဖြစ်ပြီး အင်အားနည်းနေတဲ့ စစ်ကောင်စီအတွက် တစ်ဖက်လှည့်နဲ့ အင်အားစုဆောင်းပေးနေသလိုဖြစ်နေတယ်လို့ပအိုဝ်းလူငယ်တစ်ဦးက ပြောပါတယ်။
“စစ်ကောင်စီနဲ့ PNOပေါင်းပြီး မလိမ့်တစစ်ပတ်နဲ့ အင်အားစုဆောင်း နေတယ်လို့ ယူဆစရာ ရှိနေပါတယ်။” လို့ သူကပြောပါတယ်။
လက်ရှိ ပင်လောင်း-ဖယ်ခုံနယ်စပ်မှာ စစ်ကောင်စီနဲ့ PNO ပူးပေါင်းတပ်ဟာ တော်လှန်ရေးတပ်ဖွဲ့ကို တိုက်ခိုက်နေတာကြောင့် နေ့စဉ်နီးပါး
တိုက်ပွဲဖြစ်ပွားနေလျက်ရှိပါတယ်။ အဲ့ဒီတိုက်ပွဲတွေမှာ စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်ဟာဒေသခံတွေကို လူသားဒိုင်းအဖြစ် အသုံးပြုနေတာလည်း ရှိပါတယ်။
KhamHti Radio (PRM)