မေလ ၂၃ ရက်၊ ၂၀၂၃
ထောက်ပို့လုပ်နေတယ်လို့ စွပ်စွဲချက်နဲ့ အလုပ်မှအပြန် စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးတာကိုခံလိုက်ရတဲ့ ထားဝယ်မြို့ခံ အစ္စလာမ်ဘာသာဝင် အမျိုးသားတစ်ဦး စစ်ကြောရေးမှာ သေဆုံးသွားတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။
မေလ ၁၅ ရက်နေ့ ညနေ ၃ နာရီလောက်မှာ အလုပ်ကအပြန် အသက် ၃၀ ကျော်ဝန်းကျင်ရှိတဲ့ ကိုကျော်သူရကို စစ်ကောင်စီတပ်က အရပ်ဝတ်တွေနဲ့ ဖမ်းဆီးသွားပြီး မေလ ၁၆ ရက်နေ့မှာတော့ ဒေါင်းငူရပ်ကွက်က အမျိုးသား ၅ ဦး၊ အမျိုးသမီး ၃ ဦး စုစုပေါင်းလူ ၈ ဦးကို ထပ်မံဖမ်းဆီးသွားတယ်လို့ ထားဝယ်မြို့ခံတွေက ပြောပါတယ်။
“အလုပ်က ပြန်တုန်းပါသွားတာ။ သူ့ကိုဖမ်းးပြီး နောက်တနေ့ရောက်တော့ ရပ်ကွက်ထဲကလူတွေကို ညဘက်ကြီးလာဖမ်းကြတာ။ ယောက်ျား၊ မိန်းမ အကုန်ပါသွားတယ်။ ဘာကြောင့်ဖမ်းတယ်ဆိုတာတော့ မသိရဘူး” လို့ ထားဝယ်မြို့ခံတစ်ဦးကပြောပါတယ်။
မေလ ၁၉ ရက်နေ့ မနက်ပိုင်းမှာတော့ အဖမ်းခံခဲ့ရတဲ့သူတွေက ထားဝယ်မြို့မရဲစခန်းကို ရောက်ရှိလာခဲ့ပြီး ပြန်ရောက် လာသူတွေထဲမှာ ကိုကျော်သူရ မပါလာတာကြောင့် စုံစမ်းကြည့်ရာ စစ်ကြောရေးမှာ သေဆုံးသွားပြီဖြစ်တယ်လို့ မြို့ခံတစ်ဦးကပြောပါတယ်။
“စခန်းပြန်လာတဲ့အချိန် သူမပါလာလို့ စခန်းမှူးကို မေးကြည့်တာ စစ်ကြောရေးမှာ ဆုံးသွားပြီပြောတယ်” လို့ သူကဆက်ပြောပါတယ်။
အဖမ်းခံရတဲ့ ကိုကျော်သူရမှာ အစ္စလာမ်ဘာသာဝင်တစ်ယောက်ဖြစ်ပြီး သေဆုံးပါက ဘာသာရေးဓလေ့ထုံးစံများအရ သင်္ဂြိုလ်ပေးရန်လိုအပ်တာကြောင့် မိသားစုဝင်တွေက အလောင်းပြန်ရရေးအတွက် ကြိုးပမ်းခဲ့သော်လည်း မေလ ၂၀ ရက်နေ့က သင်္ဂြိုလ်လိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။
အခုလက်ရှိအချိန်မှာလည်း ကိုကျော်သူရနဲ့ ဆက်စပ်တဲ့ မိသားစုဝင်တွေကို စစ်ကောင်စီတပ်က အရပ်ဝတ်တွေနဲ့ ရပ်ကွက်တွေထဲမှာ စောင့်ကြည့်ခံနေရပါတယ်။
မေလ ၁၆ ရက်နေ့က အဖမ်းခံရတဲ့ ၈ ယောက်ထဲက လူငယ်တစ်ဦးကိုတော့ ညတွင်းချင်း ပြန်လွတ်ပေးခဲ့ပြီး မေလ ၁၉ ရက်နေ့မှာတော့ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးကို ခံဝန်နဲ့ပြန်လွတ် ပေးခဲ့ပါတယ်။ ကျန်ရှိနေတဲ့ လူ ၅ ယောက်ကိုတော့ ပုဒ်မ ၅၀၅-က နဲ့ တရားစွဲဆိုသွားမယ်လို့ နယ်မြေခံသတင်းအရင်းအမြစ်တွေက ပြောပါတယ်။
စစ်ကောင်စီအာဏာသိမ်းတဲ့ အချိန်ကစပြီး တနင်္သာရီတိုင်းထဲမှာ မတရားသတ်ဖြတ်ခံရသူ အစ္စလာမ်ဘာသာဝင် အမျိုးသား နှစ်ဦးနဲ့ မတရားဖမ်းဆီးထောင်ချခံထားရသူ အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ၃၀ ဝန်းကျင်လောက်ရှိပါတယ်။
သတင်း – နော်အယ်နီး
ဓါတ်ပုံ – Social Media
Phar Si Than (People’s Radio Myanmar)