မေလ ၂၃ ရက်၊ ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ ခလရ ၉၇ တပ်ကို PDF စုပေါင်းတပ်ဖွဲ့က မေလ ၈ ရက်နေ့မှာ တိုက်ခိုက်ခဲ့ပြီးတဲ့နောက်ပိုင်း ကော့ကရိတ်မြို့ဒေသခံ ၄၀ ကျော် ဖမ်းဆီးခံခဲ့ရပြီး လက်ရှိအချိန်မှာ ၁ ယောက်သာ ပြန်လည်လွတ်မြောက်လာသေးတယ်လို့ ကော့ကရိတ်မြို့ဒေသခံတွေဆီက သိရပါတယ်။
ကော့ကရိတ်မြို့ အခြေစိုက ခလရ ၉၇ တပ်ရင်း တိုက်ခိုက်ခံရပြီးနောက်ပိုင်းမှာ ကော့ကရိတ်မြို့မှာ နေထိုင်တဲ့ စစ်ကောင်စီဆန့်ကျင်သူ၊ CDM ဝန်ထမ်း၊ NLD ပါတီအဖွဲ့ဝင်တွေနဲ့ ပရဟိတပြုလုပ်သူ အပါအဝင် ၄၀ ကျော်ဟာ လက်ရှိအချိန်ထိ ၂ပတ်နီးပါး ဖမ်းဆီးခံထားရတာလည်း ဖြစ်ပါတယ်။
ဖမ်းဆီးခံရသူတွေဟာ လက်ရှိအချိန် ကော့ကရိတ်မြို့ မြို့မရဲစခန်းမှာ ထိမ်းသိန်းခံထားပြီး လက်ရှိအချိန်မှာ ၁ ဦးသာ ပိုက်ဆံပေးပြီး ပြန်လည်လွတ်မြောက်လာတယ်လို့ ကော့ကရိတ်မြို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“အခုထိ ဖမ်းခံထိတဲ့ထဲမှာ တစ်ယောက်ဘဲ လွတ်သေးတာ၊ ကျန်တဲ့လူတွေ လွတ်တာမကြားသေးဘူး၊ လွတ်လာတဲ့လူက သိန်း ၁၀၀ ပေးရတယ်ကြားတယ်၊ သူက ရေသန့်လုပ်တဲ့လူ၊” လို့ ကော့ကရိတ်မြို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ကော့ကရိတ်မြို့ထဲမှာ စစ်ကောင်စီတပ်က အစစ်အဆေးတွေ အရင်ကထက်ပိုမိုတင်းကြပ်နေပြီး ညတိုင်းနီးပါး လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ ကော့ကရိတ်မြို့ဒေသခံတွေကပြောပါတယ်။
“စစ်တာကတော့အကုန်စစ်တယ်၊ မနက်ကလည်း Epc နားမှာ စစ်တယ်၊ စစ်ကားတွေလည်းပါတယ်၊ ဆိုင်ကယ်တွေဆိုရင် စျေးကအပြန်လမ်းမှာ စစ်တယ်၊ အဖုံးဖွင့်စစ်တာတွေလည်းရှိတယ်၊ လက်နက်ကြီးကတော့ ပစ်နေတာဘဲ ညတိုင်းနီးပါးကြားရတယ်၊ လူထိတာတော့ မကြားသေးဘူး” လို့ ကော့ကရိတ်မြို့ ဒေသခံတစ်ဦးက ပြောပါတယ်။
လက်ရှိအချိန်မှာ စစ်ကောင်စီတပ်က ကော့ကရိတ်မြို့မှာ အစစ်အဆေးတွေ တင်းကြပ်နေတဲ့အပြင် ကော့ကရိတ်မြို့အနီးတစ်ဝိုက်ကျေးရွာတွေက လမ်းတွေကို ဖျက်ဆီးထားတာကြောင့် ကော်ကရိတ်မြို့နဲ့ ကျုံဒိုးမြို့အပါအဝင် အနီးအနားကျေးရွာတွေက ဒေသခံတွေ သွားလာရေးအပြင် ကျန်းမာရေးကိစ္စ တွေမှာပါ အခက်အခဲတွေရှိလာတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
သတင်း – ကိုဖြိုး
ဓာတ်ပုံ – Social Media
Phar Si Than (People’s Radio Myanmar)