မေလ ၂၂ ရက်၊ ၂၀၂၃ ခုနှစ်
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာရှိတဲ့ ကင်မွန်းချောင်းကျေးရွာနဲ့ ဆောင်နိုင်ကြီးကျေးရွာကို ဆက်သွယ်ထားတဲ့လမ်း ဖျက်ဆီးခံရပြီးတဲ့နောက် ကျိုက်ထီးရိုးဘုရားကို လာရောက်ဘုရားဖူးသူတွေ နည်းပါးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ မေလ ၁၉ ရက်နေ့က ကင်မွန်းချောင်းနဲ့ ဆောင်နိုင်ကြီးရွာလမ်းကို စစ်ကောင်စီတပ် ဖျက်စီးခဲ့တာလည်း ဖြစ်ပါတယ်။
အခုလို ကင်မွန်းချောင်းနဲ့ ဆောင်နိုင်ရွာကို ဆက်သွယ်ထားတဲ့လမ်း ဖျက်ဆီးခံရတဲ့နောက်ပိုင်းမှာ ကျိုက်ထီးရိုးဘုရားကို လာရောက်ဘုရားဖူးသူတွေ နည်းပါးနေတယ်လို့ ဒေသခံတစ်ဦးက အခုလိုပြောပါတယ်။
“အခုဆိုရင် ရွာထဲမှာလည်း သွားတာလာတာတွေမရှိတော့ဘူး၊ သူတို့ရွာလမ်းကို ဖျက်ဆီးပြီးတော့ နောက်နေ့ဘဲ ဘုရားဖူးတွေ နည်းသွားတာ ၊ သွားလာရလည်း ခက်သွားတယ်လေ၊ ပြီးတော့ ဘာဖြစ်မယ်မှန်းမသိတော့ မလာရဲကြတာလည်းပါတယ်၊ တစ်ခုခုဖြစ်ပြီးသွားရင် ဘာမှလုပ်မရတော့ဘူးလေ၊” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
အခုလို ဘုရားဖူးသူတွေနည်းပါးသွားတာကြောင့် ကျိုက်ထီးရိုးတောင်ကိုသွားတဲ့ လမ်းကထမင်းဆိုင် တွေမှာ စျေးရောင်းမကောင်းဘူးလို့ ထမင်းဆိုင်ပိုင်ရှင်တစ်ဦးက ပြောပါတယ်။
“ပုံမှန်ဆိုရင်တော့ ဘုရားဖူးများရင် လူလာများတော့ စျေးရောင်းကောင်းတာပေါ့၊ ထမင်းဟင်းတွေ ကုန်တယ်လေ၊ တောင်တက်သမားတွေလည်း လာစားကြတော့၊ အခုကျတော့ အရင်ကလို လူလည်းမများတော့ ရောင်းမကောင်းဘူး၊ ထမင်း ဟင်းတွေမကုန်လို့ သွန်ပစ်ရတဲ့နေ့တွေလည်းရှိတယ်၊ ” လို့ ထမင်းဆိုင်ပိုင်ရှင်တစ်ဦးက ပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်က မေလ ၂၀ ရက်နေ့ ညနေ ၅ နာရီကျော်လောက်ကလည်း ကျိုက်ထိုမြို့နယ် ဝင်းကလော့ကျေးရွာဝင်တဲ့လမ်းကို လုံခြုံရေးအပြည့်နဲ့ ဖျက်ဆီးခဲ့ပြီး ဖျက်ဆီးခံရတဲ့လမ်းဟာ ကျိုက်ထိုမြို့ရဲ့ အဓိကကျတဲ့ အာရှလမ်းမကြီး တစ်ခုလည်း ဖြစ်ပါတယ်။
စစ်ကောင်စီတပ်က အခုလို ကျေးရွာဆက်လမ်းတွေကို ဖျက်ဆီးထားတာကြောင့် ကင်မွန်းချောင်းကျေးရွာ၊ ဆောင်နိုင်ကြီးကျေးရွာ ၊ မဲရုံကြီးကျေးရွာ၊ မဲရုံလေးကျေးရွာ၊ ကဒိုင်တွတ် ကျေးရွာနဲ့ အခြားအနီးအနားကျေးရွာတွေက ရွာပေါင်း ၄၀ ကျော် သွားလာရေး ခက်ခဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
သတင်း – ကိုဖြိုး
ဓာတ်ပုံ – Social Media
Phar Si Than (People’s Radio Myanmar)