မေ ၂၂ ရက် ၊ ၂၀၂၃ ခုနှစ်
ညောင်ရွှေမြို့နယ်တောင်ပိုင်းမှာရှိတဲ့ ပအိုဝ်းကျေးရွာတွေကို PNO ပြည်သူ့စစ်က ၎င်းတို့ သယ်လာတဲ့ မြေဩဇာတွေကို ခြံရှိရှိ မရှိရှိ တစ်အိမ်သုံးအိတ် မဝယ်အနေရ ဝယ်ယူရမယ်လို့ ရွာသူကြီးတွေကနေတစ်ဆင့် လုပ်ဆောင်နေတယ်လို့
ဒေသခံတွေကပြောပါတယ်။
အဲ့ဒီ PNO ပြည်သူ့စစ်တွေ သယ်လာမယ့် မြေဩဇာတွေကို တစ်အိတ် ၁၁၀၀၀၀ ကျပ်နဲ့ ဝယ်ယူရမှာဖြစ်ပြီး မယူမနေရ စနစ်နဲ့ဖြစ်တယ်လို့
ဒေသခံတွေက ပြောပါတယ်။
အဲ့ဒီမြေဩဇာတွေက ဘယ်ကမြေဩဇာမှန်းလည်းမသိ ဘယ်မြေဩဇာအမျိုးအစားလည်း မသိလို့ တောင်သူတွေအနေနဲ့ အခက်အခဲတွေ့နေရတယ်လို့
ပအိုဝ်းတိုင်းရင်းသားတစ်ဦးကပြောပါတယ်။
“တအိတ်ကို ၁သိန်း၁သောင်း တဲ့ ။ ရွာလူကြီးတွေကို အတင်းဖိအားပေးပြီး ယူခိုင်းနေတယ်။ ကျွန်တော်တို့ ပအိုဝ်းပြည်သူတွေကို အမျိုးမျိုး ငွေ ညစ်နေသလိုပါပဲ။ပြည်သူတွေက ပုံမှန် သုံးနေကြ မြေသြဇာ မဟုတ်တာရယ် ဈေးအရမ်းကြိးတာရယ် အတင်းကြပ်ဖိအားပေး ယူခိုင်းနေတာကြောင့် အခက်တွေ့နေတယ်ဗျာ။ ညောင်ရွှေ မြို့နယ်က ပအိုဝ်းရွာတွေကို ပြည်သူ့စစ်က ရွာလူကြီး အိမ်တွေမှာ ဒီတိုင်းကြီး လာပြောတာပါ။ညှိလို့လဲမရပါဘူး” လို့ ပအိုဝ်းဒေသခံတစ်ဦးကပြောပါတယ်။
လက်ရှိအချိန်ထိတော့ မြေဩဇာက မရောက်လာသေးပေမယ့် မဖြစ်မနေ တစ်အိမ် သုံးအိတ်ဝယ်ရမယ်လို့ PNO ပြည်သူ့စစ်က ရွာသူကြီးတွေကနေတစ်ဆင့်
ဒေသခံ ပအိုဝ်းလူမျိုးကျေးရွာတွေကို ဖိအားပေးနေတာဖြစ်တယ်လို့ သူကပြောပါတယ်။
ညောင်ရွှေမြို့နယ်မှာရှိတဲ့ နန်းပန် ၊ သပြေကုန်း ၊ လွယ်ပေါ၊ မှော်ဘီ ၊ ဟင်လှီး စတဲ့ ကျေးရွာတွေကိုတော့ PNO ပြည်သူ့စစ်စေခိုင်းချက်အရ
ရွာသူကြီးတွေက ရွာသူ ရွာသားတွေကို ရွာအစည်းအဝေးခေါ်ပြီး ပြောထားပြီးပြီလို့ နောက်ထပ်ဒေသခံတစ်ဦးကပြောပါတယ်။
“နန်းပန်ရွာ သပြေကုန်းရွာ လွယ်ပေါရွာ မှော်ဘီ ဘက်က
ပအိုဝ်းရွာ မှန်သမျ အကုန်ပါတယ် ။ အခု ရွာလူကြီးတွေက ဘယ်လိုလုပ်ရမလဲ အခက်တွေ့နေတယ်။ မယူရင် ရန်ရှာ ခံရမှာကြောက်လို့ ညှိနိုင်းမယ်လို့တော့ ပြောကြတာပဲ။ အတင်းကြပ် မဖြစ်မနေ ယူခိုင်းတာ ။ မယူရင် ပြဿနာ
ရှာမယ် ထင်ပါတယ်။” လို့ သူကပြောပါတယ်။
စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်ဟာ အကြောင်းအမျိုးမျိုးပြပြီး ပအိုဝ်းကျေးရွာတွေကို တစ်အိမ်တစ်သိန်းအထိ ကျည်ဆံဖိုးကောက်ယူတာတွေလည်း ပြုလုပ်ခဲ့ပါတယ်။
စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်ဟာ ညောင်ရွှေမြို့နယ်အတွင်းရှိ လမ်းစုံ လမ်းခွတွေမှာ အင်းလေးပျူစောထီးတွေနဲ့
ပေါင်းပြီး ဂိတ်တွေဖွင့်လှစ်ကာ ဒေသခံတွေဆီ ငွေတောင်းစားမှုတွေလည်း ပြုလုပ်နေကြပါတယ်။
ဒါ့အပြင် ရှမ်း-ကယားနယ်စပ်မှာလည်း PNO ပြည်သူ့စစ်က စစ်ကောင်စီတွေနဲ့အတူ ပေါင်းပြီး တော်လှန်ရေးတပ်ဖွဲ့တွေကို တိုက်ခိုက်နေတဲ့ အဖွဲ့လည်းဖြစ်ပါတယ်။