မေလ ၂၂ ရက်၊ ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ်၊ မြဝတီမြို့မြောက်ဘက်ပိုင်းမှာရှိတဲ့ ရွှေကုက္ကိုလ်မြို့သစ်အနီး တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်လက်အောက်ခံ နယ်ခြားစောင့်တပ် BGF က မြို့အဝင်အထွက်တွေမှာ အရင်ကထက်ပိုပြီး အစစ်ဆေးတွေပိုမိုတင်းကြပ်လာတယ်လို့ ရွှေကုက္ကိုလ်မြို့သစ်ကို လည်ပတ်သူတွေနဲ့ ဒေသခံတွေမှသိရပါတယ်။
ဧပြီလ ၅ ရက်နေ့မှာ စစ်ကောင်စီတပ်၊ နယ်ခြားစောင့်တပ်BGF တွေနဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ရွှေကုက္ကိုလ်မြို့သစ်အတွင်း ဝင်ထွက်သွားလာသူတွေမှာ ရပ်ကွက် အုပ်ချုပ်ရေးမှူးလက်မှတ်ပါမှသာ မြို့တွင်းဝင်ထွက်သွားလာလို့ ရတယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
“ရွှေကုက္ကိုလ်မှာတိုက်ပွဲဖြစ်ပြီးကတည်းက အရင်ကလိုမျိုး ဝင်ချင်သလိုဝင်မရတော့ဘူး၊ လူမျက်နှာ ဘာတွေကြည့်တယ်၊ မသင်္ကာရင်မေးတယ်မြန်တယ်၊ ရွှေကုက္ကိုလ်အဝင်ရော အထွက်ရောစစ်တာ၊ ရွာခံလက်မှတ် ဒါမှမဟုတ် ရပ်ကွက်အုပ်ချုပ်ရေးမှူးလက်မှတ်လာထိုးပေးရတယ်၊ လက်မှတ်ထိုးပေးတဲ့ သူမရှိရင် ပေးပြန်လိုက်တယ်၊ 9B က ကုက္ကို လိုင်စင် သတ်မှတ်ထားတာ၊ 9Bလိုင်စင်မဟုတ်ပဲ တခြားလိုင်စင်ဆိုရင် အရင်လိုညအိပ် လို့မရတော့ဘူး၊ ရွှေကုက္ကိုလ်အဝင်ဂိတ်မှာစစ်တယ်” လို့သူကပြောပါတယ်။
ရွှေကုက္ကိုလ်မြို့သစ်အတွင်းမှာရှိတဲ့ ကာစီနိုရုံတွေ၊ KTV တွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ဖျက်ဆီးမှာစိုးရိမ်တာကြောင့် အခုလိုမြို့သစ်အဝက်ဂိတ်မှာ နယ်ခြားစောင့်တပ် BGF တပ်ဖွဲ့တွေက အစစ်ဆေးတင်းကြပ်နေတာဖြစ်တယ်လို့အမည်မဖော်လိုသူဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။
မေလ ပထမအပတ်လောက်ကနေစပြီး ရွှေကုက္ကိုလ်မြို့သစ်အတွင်းမှာရှိတဲ့ ရပ်ကွက်တွေနဲ့ အနီးအနားကျေးရွာကဒေသခံရွာသားတွေကို ကရင်နယ်ခြားစောင့်တပ် BGF တပ်ဖွဲ့နဲ့ ရပ်ကွက်လူကြီးတွေက တပ်သားအသစ်အဖြစ် လိုက်လံစုဆောင်းနေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ကရင်နယ်ခြားစောင့်တပ် BGF တပ်သား ၂၀၀ ဝန်းကျင်လောက်ကိုလည်း မြိုင်ကြီးငူကျေးရွာအနီးက ကြာအင်းရွာမှာ စစ်သင်တန်းပို့ချပေးနေတယ်လို့သိရပါတယ်။
သတင်း – နော်ဖူးဖူး
ဓါတ်ပုံ – CJ
Phar Si Than (People’s Radio Myanmar)