ရေးမြောက်ပိုင်း ဝါဘသဲကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်နေ
မော်လမြိုင်၊ မေ၊ ၂၀
မွန်ပြည်နယ်၊ ရေးမြို့နယ်မြောက်ပိုင်း ဝါဘသဲကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတို့အကြား နှစ်ဖက်ပစ်ခတ်မှု ဖြစ်ပွားနေတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထံမှ သိရပါတယ်။
ပြီးခဲ့တဲ့ မေလ ၁၉ ရက် ညနေပိုင်းမှာ အင်အား ၈၀ ကျော်ပါဝင်တဲ့ စစ်ကောင်စီတပ်ဖွဲ့တွေက ဝါဘသဲကျေးရွာထဲကို စစ်ကြောင်းထိုး ဝင်ရောက်လာပြီး ကျားဖြစ်စစ်ကြောင်း ၂ ၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေနဲ့ ထိပ်တိုက်တွေ့ဆုံကာ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့တာ ဖြစ်တယ်လို့ ပူးပေါင်းတပ်ဖွဲ့မှာ ပါဝင်တဲ့ PDF ရဲဘော်တစ်ဦးက ပြောပါတယ်။
“ မနေ့က ညနေလောက်မှာ စဖြစ်ကြတာ၊ သူတို့စစ်ကြောင်းထိုးလာလို့ ဒီဘက်က ပူးပေါင်းအဖွဲ့နဲ့ ဖြစ်တာ၊ ထိပ်တိုက်ပစ်ကြတာ၊ သူတို့က အင်အား ၈၀ ၊ ၁၀၀ လောက်တော့ ရှိနိုင်တယ်၊ ပစ်ခတ်မှုကတော့ နာရီဝက်လောက်ဖြစ်သွားတယ်ပေါ့။” လို့ ပြောပါတယ်။
နှစ်ဖက်ပစ်ခတ်မှုအတွင်းမှာ စစ်ကောင်စီဘက်က ၅ ဦးခန့် ထိခိုက်သေဆုံးနိုင်ပြီး ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှ ရဲဘော်တစ်ဦး ထိခိုက်ဒဏ်ရာအနည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။
ယင်းနောက် ဒီကနေ့ မေလ ၂၀ ရက် နံနက် ၈ နာရီကျော်ခန့်မှာ ဝါဘသဲကျေးရွာအနီးမှာ ပြန်ဆုတ်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ပူးပေါင်းတပ်ဖွဲ့တို့ ထပ်မံဖြစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
“ ဒီမနက်ကျတော့ မနေ့ည စစ်ကြောင်းအဖွဲ့ဘဲ သူတို့ ပြန်ဆုတ်လာတဲ့ ပုံစံပေါ့၊ အဲဒီ ဝါဘသဲအနားမှာပဲ ထပ်ဖြစ်နေတာ၊ ဒါကတော့ ညနေကထိဖြစ်နေဆဲဆိုတော့ အကျအဆုံးက သေချာမသိသေးဘူး။” လို့ အဲဒီ PDF တပ်ဖွဲ့ဝင်က ပြောပါတယ်။
လက်ရှိမှာလည်း စစ်ကြောင်းထိုးဝင်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေထဲက တချို့ဟာ ပြန်လည်ဆုတ်ခွာလာပေမယ့် တချို့ကတော့ ဝဲဘသဲကျေးရွာအနီးမှာ တပ်ဆဲထားဆဲဖြစ်တာကြောင့် ထိတွေ့တိုက်ပွဲတွေ အချိန်မရွေးထပ်မံဖြစ်ပွားလာနိုင်တယ်လို့ ဆိုပါတယ်။
ဝါဘသဲကျေးရွာဟာဆိုရင် ပြီးခဲ့တဲ့ မေလ ၇ ရက်နေ့ကလည်း ကျားဖြူစစ်ကြောင်း ၂ ရဲ့ နောက်တန်းစခန်းဗုံးကြဲတိုက်ခိုက်ခံရတဲ့ ကျေးရွာအနီးမှာ တည်ရှိပြီး အဲဒီကျေးရွာနေပြည်သူတွေက ယခင်ကတည်းက ထွက်ပြေးတိမ်းရှောင်နေတာကြောင့် ယခုပစ်ခတ်မှု အတွင်းမှာ အရပ်သားထိခိုက်တာမရှိဘူးလို့ ဆိုပါတယ်။
အဲဒီ ကျားဖြူစစ်ကြောင်း ၂ ရဲ့ နောက်တန်းစခန်းဗုံးကြဲတိုက်ခိုက်ခံရတဲ့ဖြစ်စဉ်မှာတော့ ရဲဘော် သုံးဦးကျဆုံးကာ ရဲဘော်လေးဦးနဲ့ အရပ်သားတချို့လည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကျားဖြူစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။
လက်ရှိ ရေးမြို့နယ်မြောက်ပိုင်းက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ လှုပ်ရှားရာနယ်မြေဘက်ကို စစ်ကောင်စီတပ်ဖွဲ့တွေက လေယာဉ်နဲ့ ကင်းထောက်တာတွေ မကြာခဏလုပ်ဆောင်နေတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထံမှ သိရပါတယ်။
ဓါတ်ပုံ – ကျားဖြူစစ်ကြောင်း – ၂