မူး(မုန်း)မြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူ ၁၄၀၀၀ နီးပါး ဘေးလွတ်ရာကို ထွက်ပြေးနေရ
မော်လမြိုင်၊ မေ၊ ၂၁
ကရင်အမျိုးသားအစည်းအရုံး ကေအဲန်ယူ ကော်သူးလေအုပ်ချုပ်နယ်မြေ ခလယ်လွီထူခရိုင်(ညောင်လေးပင်ခရိုင်)၊ မူး(မုန်း)မြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ လက်နက်ကြီးပစ်ခတ်မှုနဲ့ စစ်ကြောင်းထိုးဝင်ဝင်လာရောက်မှုကြောင့် ပြည်သူ ၁၄၀၀၀ နီးပါးဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ကေအဲန်ယူဗဟိုရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
စစ်ကောင်စီလက်အောက်ခံ ခမရ – ၅၉၉၊ ခမရ – ၅၉၀၊ တပ်မ – ၄၄ နဲ့ ခလရ – ၈၄ တပ်ပေါင်းစုက မေလ ၁၈ ရက်နေ့မှာ ကေအဲန်ယူ မူး(မုန်း)မြို့နယ်အတွင်းက စဝေ၊ ကျွန်းတောကျေးရွာထဲကို ဝင်ရောက်ဖို့အတွက် လက်နက်ကြီး ၂၅ လုံး အဆက်မပြတ် ပစ်ခတ်ခဲ့သလို ညောင်ပင်သာကျေးရွာထဲကိုလည်း လက်နက်ကြီး(၅)လုံး ထပ်မံပစ်ခတ်ခဲ့တာပါ။
ဒါအပြင် မေလ ၁၆ ရက်မှာလည်း နှောင်ကုန်းကျေးရွာထဲကို လက်နက်ကြီး ၆ လုံးပစ်ခတ်ခဲ့သလို မေလ ၁၇ ရက်နေ့မှာလည်း တောင်စုကျေးရွာထဲကိုလည်း လက်နက်ကြီး ၅ လုံး ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ကေအဲန်ယူက ဆိုပါတယ်။
ဒါကြောင့် ကေအဲန်ယူ- မူး(မုန်း)မြို့နယ်အတွင်းက စဝေ၊ နှောင်ကုန်း၊ တောင်စု၊ ကျွန်းတော၊ ညောင်ပင်ဆိပ်၊ မြောင်းရိုးကြီး၊ ရွာဟောင်း၊ တပ်ကုန်းနဲ့ ညောင်ပင်သာ စတဲ့ ကျေးရွာ(၉)ရွာမှ ပြည်သူ (၁၃၉၉၁)ဦးဟာ အသက်ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။
ဒါအပြင် စစ်ကောင်စီတပ်ဖွဲ့တွေက လက်နက်ကြီးပစ်ခတ်နေချိန် ကျေးရွာနေပြည်သူတွေက ထွက်ပြေးတိမ်းရှောင်ကြရင်း အသက် ၁၄ နှစ်အရွယ် မောင်မင်းရဲဆက် လက်နက်ကြီးထိမှန်သေဆုံးခဲ့ပြီး အသက် ၄၇ နှစ်အရွယ် ဒေါ်လှစန်းနဲ့ အသက် ၁၈ နှစ်အရွယ် မောင်မြင့်မြတ်သူတို့မှာ လက်နက်ကြီးထိမှန်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ကေအဲန်ယူရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ထို့အပြင် နေအိမ် (၁) လုံးနဲ့ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်း (၁) ကျောင်းလည်း ပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်ဖွဲ့တွေက ကေအဲန်ယူထိန်းချုပ်နယ်မြေထဲကို စစ်ကြောင်းထိုးဝင်ရောက်မှု၊ လက်နက်ကြီးလက်နက်ငယ်ပစ်ခတ်မှု၊ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် ကေအဲန်ယူနယ်မြေအတွင်းက ပြည်သူလူထုလေးသိန်းကျော်က နေရပ်စွန့်ခွာပြီး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ကေဲအန်ယူက ထုတ်ပြန်ထားပါတယ်။
ဓါတ်ပုံ – ကေအဲန်ယူ