တနင်္သာရီမှာ PDF တွေ အခွန်ကောက်ခံတာမျိုးမရှိသလို လုံးဝပြုလုပ်ခြင်းမရှိဟုဆို
မော်လမြိုင်၊ မေ၊ ၂၁
တနင်္သာရီမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့ မည်သူတစ်ဦးမှာမှ အခွန်ကောက်ခံတာမျိုး မရှိသလို လုံးဝပြုလုပ်ခြင်းမရှိဘူးလို့ မေလ ၂၀ ရက်မှာ အသိပေးထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီဝါဒဖြန့်တဲ့ တယ်လီဂရမ်ချန်နယ်တွေနဲ့ လူမူကွန်ယက်စာမျက်နှာတချို့မှာ တနင်္သာရီမြို့နယ်အပါအဝင် တိုင်းအတွင်းက မြို့နယ်တချို့မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ပြည်သူတွေသွားလာနေတဲ့ လမ်းပေါ်မှာ ဂိတ်ချကာ ငွေကြေးကောက်ခံတာတွေ၊ ရွာတွေမှာ တစ်အိမ်တက်တစ်အိမ်ဆင်းငွေကောက်ခံတာတွေ ပြုလုပ်နေတယ်ဆိုပြီး သတင်းအမှားတွေ ရေးသားဖြန့်ဝေနေတာပါ။
ဒီလိုအခြေအနေတွေကြောင့် တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က မေလ ၂၀ ရက်နေ့မှာ အသိပေးထုတ်ပြန်လာတာဖြစ်ပါတယ်။
တနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့ တနင်္သာရီမြို့နယ်အတွင်း ညောင်ပင်ကွင်းရွာ၊ သဘော့လိပ်ရွာကြားလမ်းပိုင်းမှာ အခွန်ကောက်ခံတာ၊ ခရီးသွားပြည်သူတွေအပေါ် အနိုင်အထက်စီးနင်းပြီး မတရားတဲ့နည်းလမ်းတွေနဲ့ ငွေကြေးတောင်းခံတာတွေ လုံးဝ (လုံးဝ)ပြုလုပ်ခြင်းမရှိဘူးလို့ ဆိုပါတယ်။
တနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန မှ လမ်းညွှန်ထားတဲ့ စစ်သည်တော်ကျင့်ဝတ်တွေကို အမှန်တကယ်သိရှိလိုက်နာနေတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတစ်ခု ဖြစ်တယ်လို့ ဆိုပါတယ်။
တနင်္ဿာရီစစ်ဒေသခွဲ၊ ကွပ်ကဲရေးအဖွဲ့မှ ထုတ်ပြန်ထားတဲ့ ပြည်သူ့တော်လှန်ရေးအင်အားစုတွေ လိုက်နာရမယ့် ကျင့်ဝတ်၊ စည်းကမ်း၊ လမ်းညွှန်ချက်တွေကို လိုက်နာခြင်းမရှိဘဲ ပြစ်မှုကျူးလွန်တဲ့ ရဲဘော်တွေကို ချမှတ်ထားတဲ့ပြစ်ဒဏ်တွေအတိုင်း အရေးယူသွားမှာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဓါတ်ပုံ – Crd