မေ ၂၀ ရက် ၊ ၂၀၂၃ ခုနှစ်
ရှမ်းပြည်တိုးတက်ရေးပါတီSSPP က မီးမြိုက်ပြီး ဖမ်းဆီးစစ်ဆေးတာကို ခံခဲ့ရတဲ့ ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံးမြို့နယ်ဖောင်းဆိုင်ကျေးရွာ ရွာသူကြီး ဦးဝါလအပါအဝင် မတရားဖမ်းဆီးခံခဲ့ရတဲ့ ပြည်သူများကို ချက်ချင်းလွှတ်ပေးဖို့ပြည်တွင်း ပြည်ပမှာရှိတဲ့ တိုင်းရင်းသားကွန်ယက် နဲ့ အရပ်ဘက်အဖွဲ့အစည်း ၃၀ ကျော်က မေ ၁၈ ရက်ညမှာ ထုတ်ပြန် တောင်းဆိုပါတယ်။
အဲ့ဒီ ရွာသူကြီးကို SSPP က မီးမြိုက်ပြီး စစ်ဆေးနေတဲ့ ရုပ်သံဟာ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့ခဲ့ပြီး အရပ်ဘက်အဖွဲ့အစည်းတွေကအဲ့ဒီလိုလုပ်ရပ်အပေါ် ပြင်းပြင်းထန်ထန်ရှုတ်ချခဲ့ပါတယ်။ အဲ့ဒီလို အလားတူဖြစ်ရပ်တွေအဲ့ဒါထက် ပိုဆိုးတဲ့ တရားမဲ့ ဖမ်းဆီးသတ်ဖြတ်မှုတွေဟာ ရှမ်းပြည်နယ်မှာ ဖြစ်ပွားနေတယ်လို့လည်းအဲ့ဒီအရပ်ဘက်အဖွဲ့အစည်း ၃၀ ကျော်ရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
မေလ ၉ ရက်မှာဒေသခံတစ်ဦးကို မီးမြိုက်ပြီး စစ်ဆေးခဲ့တဲ့ဖြစ်ရပ်အပေါ် SSPP ကလည်း ဝန်ခံထားပြီး တောင်းပန်ကြောင်းထုတ်ပြန်ထားပါတယ်။ အဆိုပါ ဒေသခံကို SSPP တပ်ဖွဲ့မှ စစ်ဥပဒေ စစ်သုံ့ပန့်နဲ့အညီ ဆက်လက်ဆောက်ရွက်နေပြီး အဲဒီဒေသခံကို လိုအပ်တဲ့ ဆေးဝါးကုသမှုတွေ ပြုလုပ်ပေးနေတယ်လို့ ထုတ်ပြန်ထားပါတယ်။ အဆိုပါ အရပ်ဘက်အဖွဲ့အစည်း ၃၀ ကျော်ရဲ့ ထုတ်ပြန်ချက်နဲ့
ပတ်သက်ပြီး မှတ်ချက် ရယူဖို့ SSPP ပြောရေးဆိုခွင့်ရှိသူတွေကို ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။
အဲ့ဒါအပြင်အရပ်ဘက်အဖွဲ့အစည်း ၃၀ ကျော်ဟာ အချက်လေးချက်ပါတဲ့ တောင်းဆိုမှုကိုလည်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ထိုတောင်းဆိုချက်များမှာ ကျူးလွန်ခံရတဲ့ ဦးဝါလနဲ့ မတရားဖမ်းဆီးခံရတဲ့ ပြည်သူတွေကို ချက်ချင်းလွှတ်ပေးရန် ၊ နစ်နာခဲ့သောပြည်သူများသတ်ဖြတ်ခြင်းခံရတဲ့ပြည်သူများရဲ့ မိသားစုများအတွက် တာဝန်ယူပေးရန် ၊ လက်နက်ကိုင်အဖွဲ့အစည်းများအနေနဲ့ အပြည်ပြည်ဆိုင်ရင် လူ့အခွင့်အရေး ဥပဒေနဲ့ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဥပဒေကို အပြည့်အဝလိုက်နာရန်နဲ့ ဆက်လက်မချိုးဖောက်ရန် ၊ အရပ်ဘက်အဖွဲ့စည်းများ သတင်းမီဒီယာများနဲ့ နိုင်ငံတကာအသိုင်းအဝန်းများအနေနဲ့ ရှမ်းပြည်နယ်အတွင်း လူအခွင့်အရေးချိုးဖောက် ခံနေရမှုများအပေါ်တာဝန်ယူမှု တာဝန်ခံမှုရှိစေရေးအတွက် ဝိုင်းဝန်းထိန်းညှိပေးရန် ဆိုတဲ့ လေးချက်ဖြစ်ပါတယ်။
ရှမ်းပြည်နယ်အတွင်းရှိ လက်နက်ကိုင်အဖွဲ့အစည်းများဟာပဋိပက္ခ ဖြစ်ပွားရာ ကျေးရွာများမှ ဒေသခံ ပြည်သူတွေကို မတရားဖမ်းဆီးတာ၊ နှိပ်စက်တာ၊အုပ်စုဖွဲ့ အဓမ္မ ပြုကျင့်တာ၊ သတ်ဖြတ်တာတွေအပြင် ကျေးရွာမှ သွားလာခွင့် ထိန်းချုပ်ကန့်သတ်တာ၊ သတင်းမထွက်စေဖို့ ဖိအားပေး ခြိမ်းခြောက်တာ စတဲ့ ပြစ်မှုတွေကိုဆက်လက်ကျုးလွန်နေတယ်လို့လည်း အဲ့ဒီထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။