
မေ ၂၀ ရက် ၂၀၂၃ ခုနှစ်
ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS တပ်ဖွဲ့ဝင် အင်အား ၄၀ ခန့်ဟာ ပအိုဝ်းဒေသ ဆီဆိုင်မြို့နယ်ထဲကို ထပ်မံဝင်ရောက်လျက်ရှိတယ်လို့ စုံစမ်းသိရှိရပါတယ်။
RCSS တပ်ဖွဲ့တွေဟာ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်တွေရဲ့ အကူအညီနဲ့ လက်ရှိမှာ ဆီဆိုင်မြို့နယ် ထမ်းယံကျေးရွာနဲ့ နောင်တဗင် ကျေးရွာကြားက တောင်ပေါ်မှာ ဝင်ရောက်လျက်ရှိနေပါတယ်။
“ဒီမှာက သူတို့ရန်သူလည်းမရှိဘူး ။ သူတို့နယ်မြေလည်းမဟုတ်ဘူး။ မြောက်ပိုင်းမှာ စစ်ရှုံးလို့ ပအိုဝ်းဒေသထဲကို ဝင်လာတာလား ဒါမှမဟုတ် ပြည်သူ့စစ်တွေနဲ့ အကျိုးစီးပွားသဘောတူညီမှုရှိလို့ ဝင်လာတာလားဆိုတာတော့ မပြောတတ်ဘူးဗျ” လို့ ဆီဆိုင်မြို့နယ်ဒေသခံ ခွန်အောင်သန်းကပြောပါတယ်။
RCSS တပ်ဖွဲ့တွေ အဲ့ဒီနေရာ ရောက်လာတာဟာ တစ်ပတ်ခန့်ရှိနေပြီဖြစ်တယ်လို့လည်း ဒေသခံတွေပြောဆိုချက်အရ သိရပါတယ်။
RCSS တပ်ဖွဲ့ဟာ ပြီးခဲ့တဲ့ ဧပြီလတုန်းကလည်း အင်အားအများအပြားနဲ့ ပွန်ချောင်းကိုဖြတ်ကျော်ပြီး ဆီဆိုင်မြို့နယ် ဝမ်းတီ ၊နားခုဲင်းကျေးရွာဘက်ကို ရောက်ရှိလာကာ လက်နက်ကြီး လက်နက်ငယ် ပစ်ခတ်မှုတွေ ပြုလုပ်ခဲ့ပါသေးတယ်။
KhamHti Radio (People’s Radio Myanmar)