
– မေ ၂၀ ရက် ၂၀၂၃။
ယမန်နေ့ (မေ ၁၉ ရက်) ည ၇ နာရီအချိန်ခန့်က မိုးဗြဲမြို့ စည်ကား ၃ ရပ်ကွက်အတွင်း လက်နက်ကြီးများ ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဒေသခံ အမျိုးသမီး တဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
“လက်နက်ကြီးကတော့ မနေ့ည ၇ နာရီလောက်တည်းက ကျတာပေါ့၊ ကျတော်တို့က ညဘက်သွားခေါ်ဖို့ မပြေလို့ ဒီမနက်မှ သွားခေါ်ဖြစ်တာပါ၊ မြို့ထဲ လက်နက်ကြီး များများ ကျတယ်လို့တော့ပြောတယ်၊ အလုံးရေ သေချာတော့ မသိခဲ့ရဘူး ခဗျ” လို့ ရွှေလွိုင်ကော်ပရဟိတအသင်း တာဝန်ရှိသူက Karenni’s Voice ကို ပြောပြခဲ့ပါတယ်။
ဒဏ်ရာရခဲ့တဲ့ အမျိုးသမီးဟာ အသက် ၂၁ အရွယ်ရှိ မိုးဗြဲဒေသခံ မမေဇင်ထူး ဖြစ်ပြီး သူမရဲ့ နေအိမ်အနီးမှာပဲ လက်နက်ကြီး ထိမှန်ခဲ့တာပါ။ လက်နက်ကြီးကြောင့် ညာဘက်ပေါင် အစမှန် ဒဏ်ရာရရှိခဲ့တာလို့ သိရပါတယ်။
“သူက အဲ့ဒီအချိန် သူ့အိမ်အရှေ့နားလေးမှာ ရှိနေတုန်း ထိတာလို့ ပြောတယ်ဗျ၊ အိမ်ခြံဝင်းထဲကျတာပေါ့၊ အိမ်မှန်ပြတင်းတွေလည်း ကွဲသွားတယ်၊ တခြားထိခိုက်တဲ့ လူနာတော့ မရှိခဲ့ပါဘူး” လို့ ၎င်းက ဆက်လက်ပြောပြပါတယ်။
မေ ၁၈ ရက် နေ့လည် ၁၂ နာရီခန့်ကလဲ မိုးဗြဲ ကုန်းသာရွာကို လက်နက်ကြီး ကျရောက်ပေါက်ကွဲတာကြောင့် အသက် ၄၁ နှစ်အရွယ် ဒေသခံ ဦးကောလု ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

– Karenni’s Voice (People’s Radio Myanmar)
Photo – ရွှေလွိုင်ကော်ပရဟိတအသင်း