
တောင်ကြီး မေ ၂၀။ ။ People Radio Myanmar
ရှမ်းပြည်နယ်ရဲ့မြို့တော် တောင်ကြီးမြို့မှာ မေလ ၁၂ ရက်နေ့ မိုခါဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်ပြီးကတည်းက ကုန်စိမ်းဈေးနှုန်းတွေ ဆက်တိုက်မြင့်တက်လာပြီး မုန်တိုင်းပြီးဆုံးတဲ့ လက်ရှိအချိန်မှာ ၂ ဆနီးပါး ဈေးတက်လာတယ်လို့ ကျောင်းကြီးစုရပ်ကွက်မှာ နေထိုင်တဲ့ အိမ်ရှင်မ ဒေါ်အေးမြင့်က ပြောပါတယ်။
“ဈေးတက်လွန်းလို့ ငရုတ်သီးတောင် ဝယ်မစားနိုင်တော့ဘူး။ ကုလားအော်သီး တစ်ဘူးဆိုရင် ၁,၅၀၀ ဖြစ်နေပြီလေ။ အရင်ကဆို ၅၀၀ ကျော်ကျော်လောက်ပဲ။ ကုန်ကျစရိတ် သက်သာအောင်လို့ အသားနဲ့ အာလူးနဲ့ ရောချက်ပြန်တော့လည်း အာလူးက တစ်ပိဿာ ၃,၀၀၀ လေ။ ကြက်သွန်နီတောင်မှ တစ်ပိဿာ ၄,၀၀၀ ကျော်ဆိုတော့ ဟင်းတိုင်း ထည့်မချက်နိုင်တော့ဘူး”
မုတ်တိုင်းအပြီး အာလူး၊ ကြက်သွန်နီ/ဖြူ၊ ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ၊ ငရုတ်သီး၊ ဂျင်း၊ မြေပဲ၊ အာလူး စတဲ့ကုန်စိမ်းတွေဟာ ၂ ဆကျော်၊ ၃ ဆအထိ ဈေးတက်လာတာကြောင့် အောက်ခြေလူတန်းစားတွေ စားဝတ်နေရေး ပိုခက်ခဲလာပြီး အစားအသောက် ရောင်းချသူတွေလည်း တွက်ခြေမကိုက် ဖြစ်လာတယ်လို့ သူက ဆက်ပြောပြပါတယ်။
ကုန်စိမ်းတွေတင်မကပဲ သီးနှံတွေလည်း ဈေးတက်လာပြီး ဒူးရင်းသီးဈေးဟာ စံချိန်တင် မြင့်တက်နေတယ်လို့ ဆိုပါတယ်။
အဝေရာပျံကျဈေးမှာ သီးနှံရောင်းချနေသူ ဦးစိုးဝင်းက “အရင်က တစ်လုံးကို ၂,၅၀၀_၃,၀၀၀ ပေါ့။ အခု ၅,၀၀၀ ကျော် ရောင်းနေရတယ်။ ယိုးဒယားသီးဆို ၁၀,၀၀၀ ကျော်တယ်။ ဒူးရင်းသီးကြိုက်တဲ့ သူတွေတောင် တော်ရုံဝယ်မစားကြတော့ဘူး” လို့ ပြောပါတယ်။
ဒါ့အပြင် ကွမ်းနဲ့ ကွမ်းပစ္စည်းတွေလည်း ဈေးတက်လာပြီး ကွမ်းယာဆိုင်တွေ အနေနဲ့ အရေအတွက်လျော့ပြီး ရောင်းနေရတယ်လို့ ကွမ်းယာဆိုင်ဖွင့်ထားသူ ဒေါ်တူးတူးက ပြောပါတယ်။
“ကွမ်းက တစ်ပိဿာ ၅,၀၀၀ တက်လာတယ်။ အရင်က ၂၀၀ ဖိုးဆို ၄ ယာ ရောင်းပေးတယ်။ နောက်ပိုင်း ဈေးတက်တော့ ၃ ယာ။ အခုဆို ကွမ်းတစ်ယာကို ပိုက်ဆံ ၁၀၀ နဲ့ရောင်းနေရတယ်။ နာမည်ကြီးဆိုင်တွေဆိုရင် ၃၀၀ ဖိုးဝယ်မှ ကွမ်း ၂ ယာပဲ ရတော့တယ်။ ကွမ်းဈေးတက်တော့ ကွမ်းစားတဲ့သူတွေလည်း အိမ်မှာပဲ ကိုယ်တိုင်ယာစားဖြစ်တော့ ရောင်းအားကျလာတယ်”
ကုန်စိမ်းတွေ ဈေးတက်နေပေမယ့် ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသက ခရမ်းချဉ်သီးတွေဟာ တစ်ဝက်ဈေး ကျလာတာကြောင့် စိုက်ပျိုးသူတွေဟာ အရှုံးပေါ်နေတယ်လို့ ခရမ်းချဉ်သီးပွဲစား ကိုစိုးသူက ပြောပါတယ်။
“သင်္ကြန်ရှေ့က တစ်တင်းကို ၅၀,၀၀၀ ပတ်ချာလည်ပေါ့။ အခု ၂၀,၀၀၀ ပဲရတော့တယ်။ အထွက်နှုန်းများလာတာရယ် ကုန်းပေါ်သီးတွေ များလာတာရယ်ကြောင့် ဈေးကျတာပေါ့။ မြေဩဇာဖိုးတောင် ပြန်မရပါဘူး”
အခြေခံစားသောက်ကုန်တွေ ဖြစ်တဲ့ ဆန်လည်း တစ်ပြည် ၅၀၀ ကျပ်အထိ ဈေးတက်လာပြီး စားသုံးဆီလည်း တစ်ပိဿာ ၁,၀၀၀ ကျပ်အထိ ဈေးတက်လာပေမယ့် အသား၊ ငါး ဈေးနှုန်းတွေကတော့ အခုထိ ဈေးမတက်သေးဘူးလို့ တောင်ကြီးမြို့အိမ်ရှင်မတွေက ပြောပါတယ်။
#အင်းငယ်