မေလ ၂၀ ရက်၊ ၂၀၂၃ ခုနှစ်
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ စစ်အုပ်ချုပ်ရေးဒေသ ပုလောမြို့နယ်၊ ပဝတ်ကုန်းကျေးရွာရှိ ပဝတ်ကုန်းဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သား အင်အား ၅၀ လောက်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်က အရာရှိတစ်ဦးနဲ့ တပ်သား ၁၁ ယောက် သေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တောကြီးမြွေဟောက် အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။
မေလ ၁၇ ရက်နေ့၊ ညနေ ၃ နာရီခွဲ လောက်မှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက ပဝတ်ကုန်း ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ဝင်ရောက်ပစ်ခတ်ခဲ့ရာ ထိတွေ့ အပြန်အလှန် ပစ်ခတ်ချိန် တစ်နာရီကျော်ကြာမြင့်ခဲ့တယ်လို့ King Cobra အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
“အဲ့ဒီကျောင်းမှာ အရင်ကတည်းကတပ်စွဲထားတာ။ အင်အားက အရင်ကထက်ပိုတိုးလာတယ်။ သူတို့က ကျောင်းထဲမှာ ထိုင်နေတာ။ ပစ်ခတ်ချိန်က တစ်နာရီကျော်ကြာတယ်” လို့ သူကပြောပါတယ်။
အဆိုပါ ဘုန်းကြီကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေက ပုလောအခြေစိုက် ခလရ ၂၈၅ တပ်ရင်းနဲ့ ကော့သောင်းအခြေစိုက် ခမရ ၄၃၁ တပ်ရင်းတွေကဖြစ်ပြီး အဲ့ဒီထိတွေ့ပစ်ခတ်မှုမှာ စစ်ကောင်စီဘက်က အရာရှိတစ်ဦးနဲ့ တပ်သား ၁၁ ဦး သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ King Cobra အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူက အခုလို ပြောပါတယ်။
“တပ်စွဲထားတာက ခလရ ၂၈၅ နဲ့ ခမရ ၄၃၁ ကော့သောင်းက စစ်သားတွေ။ အင်အားက ၅၀ လောက်ရှိတယ်။ ကျနော်တို့ အတိအကျသိရသလောက်က အရာရှိတစ်ယောက်နဲ့ တပ်သား ၇ ယောက် သေတယ်။ ကျနော်တို့အရှေ့မှာ ပွဲချင်းပြီးတာက ၄ ယောက်ဗျ။ စုစုပေါင်း ၁၂ ယောက်ဗျ” လို့ သူကဆက်ပြောပါတယ်။
အဆိုပါတိုက်ပွဲအတွင်း ပုလောမြို့အခြေစိုက် ခလရ ၂၈၅ တပ်ရင်းက လက်နက်ကြီးတွေနဲ့လည်း ပစ်ကူပေးခဲ့သေးတယ်လို့ သိရပါတယ်။
အဲ့ဒီတိုက်ခိုက်မှုကို King Cobra (တောကြီးမြွေဟောက်)အဖွဲ့၊ KNDO အဖွဲ့တို့မှ ပူးပေါင်းတိုက်ခိုက်ပြီး ဧပြီလ ၈ရက်နေ့ကလည်း ပဝတ်ကုန်ဘုန်းကြီးကျောင်းသစ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သား အင်အား ၂၀လောက်ကို တောကြီးမြွေဟောက်နဲ့ပူးပေါင်းတပ်တွေက သွားရောက်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်ဘက်က အများအပြားသေဆုံးပြီး ထိခိုက်ဒဏ်ရာရှိသူတွေလည်း ရှိခဲ့တယ်လို့ နယ်မြေခံ သတင်းအရင်းအမြစ်တွေအရ သိရပါတယ်။
သတင်း – နော်အယ်နီး
ရုပ်သံ – King Cobra
Phar Si Than (People’s Radio Myanmar)