မေ ၂၀ ရက် ၊ ၂၀၂၃ ခုနှစ်
စိတ်ဝေဒနာရှင် အမျိုးသမီးငယ်တစ်ဦးကို အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့သူအား ဖမ်းဆီးရမိခဲ့ပြီး တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ရဲ့ ဥပဒေအတိုင်း အရေးယူသွားမယ်လို့ TNLA က မေလ ၁၈ ရက်ညမှာ သတင်းထုတ်ပြန်ပါတယ်။
နမ့်ဆန်မြို့နယ် လုံတောက်ကျေးရွာမှာ စိတ်ဝေဒနာရှင် အသက် ၁၆ နှစ်အရွယ် အမျိုးသမီးတစ်ဦးကို ၃ လတိတိ အဓမ္မပြုကျင့်ခဲ့တဲ့ တရွာထဲနေ မိုင်းလှဝင်း အသက် ၂၃ နှစ်ကို မေ ၁၇ ရက်နေ့မှာ TNLA အုပ်ချုပ်ရေးအဖွဲ့က ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
မိုင်းလှဝင်းဆိုသူဟာ အဲ့ဒီ စိတ်ဝေဒနာရှင်အမျိုးသမီးကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလမှ စတင်ပြီး တစ်လတစ်ကြိမ် ကျေးရွာစာသင်ကျောင်းဆီကို ခေါ်ဆောင်ကာ အဓမ္မပြုကျင့်ခဲ့တာဖြစ်ပြီး အဲ့ဒီအမျိုးသမီးငယ် ကိုယ်ဝန်ရှိမှသာ သိရှိခဲ့ရတာဖြစ်တယ်လို့ TNLA ကဆိုပါတယ်။
“ထိုမိန်းကလေးငယ်သည် အရပ်စကားဖြင့် ကျပ်မပြည့်သူတစ်ဦးဖြစ်ပြီး အခြားသူစကားပြောလျှင် ပြန်ပြောလေ့မရှိဘဲ ယခုဖြစ်စဥ်တွင် ထိုအမျိုးသမီး၏ နေထိုင်ပုံ မူမမှန်တာကြောင့် ၎င်းမိဘများမှ ဆီးစစ်တန်ဝယ်ယူ ဆီးစစ်ကြည့်မှသာလျှင် ကိုယ်ဝန်ရှိနေသည်ကို တွေ့ရှိခဲ့ရသည်။ ထိုအမျိုးသမီးငယ်အား ချော့ကာမေးမြန်းကြရာ တရွာတည်းနေ မိုင်းလှဝင်းဆိုသူဟု သိခဲ့ရသည်။” လို့ TNLA က ထုတ်ပြန်ချက်မှာ ပြောပါတယ်။
TNAL ဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဧပြီလ ၁ ရက်နေ့မှာ သက်ငယ်မုဒိမ်းမှု ကျူးလွန်သူတစ်ဦးကို အမြင့်ဆုံး ပြစ်ဒဏ်အဖြစ် အများပြည်သူရှေ့မှာ သေနတ်နဲ့ ပစ်ခတ်ပြီး သေဒဏ်ပေးခဲ့ဖူးပါတယ်။