မေလ ၁၉ ရက်၊ ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ်၊ သံတောင်မြို့ ၁၃ မိုင် ရပ်ကွက် (၁) က အမျိုးသား ၆ ဦးကို စစ်ကောင်စီတပ်ကရိုက်နှက်ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သံတောင်မြို့ဒေသခံတွေထံမှသိရပါတယ်။
မေလ ၁၉ရက် ဒီနေ့မနက် ၁၀ ဝန်းကျင်လောက်မှာစစ်ကောင်စီတပ်သားတွေဟာ ၁၃ မိုင် ရပ်ကွက်(၁)အတွင်း ကင်းလှည့်နေချိန် လူငယ်အမျိုးသား
၆ ဦးကို ဖမ်းဆီးရိုက်နှက်ပြီး လက်နောက်ပြန်ကြိုးတုပ် ခေါ်ဆောင်သွားခဲ့ပါတယ်။ဖမ်းဆီးခံရသူတွေမှာ CDM မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးပါရှိတယ်လို့လည်း ဆိုပါတယ်။
“အကြောင်းအရင်းလဲမသိရသေးဘူး၊သိရတာကတော့ တစ်ယောက်ပဲသိရသေးတယ် အသက်၂၈နှစ် မီးသတ် CDM၊သူတို့ကခြံသွားခြံပြန်လုပ်တဲ့သူတွေပါ၊သူတို့က ရပ်ကွက်ထဲကင်းလှည့်ရင်း တွေ့တဲ့ယောင်္ကျားလေးတွေကို ဖမ်းတာ၊ အသက်က 20ဝန်းကျင်တွေပဲနာမည်တွေ့မသိရသေးဘူး ”လို့သူကပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့တွေအနေနဲ့ အခုလို ကင်းလှည့်လည်ရခြင်းဟာ မေလ ၁၈ ရက်မနေ့က ဖြစ်ပွားခဲ့တဲ့ တောင်ငူအကျဥ်းထောင်ကနိုင်ငံရေးပုဒ်မတွေနဲ့ မတရားဖမ်းဆီးခံထားရတဲ့အကျဥ်းသား ၁၀ ဦးထွက်ပြေးလွှတ်မြောက်သွားတာကြောင့်လိုက်လံဖမ်းဆီးနေတာဖြစ်တယ်လို့ ဒေသခံတွေရဲ့ပြောဆိုမှုတွေလဲရှိနေပါတယ်။
“အရင်က သံတောင်မြို့မှာ မနက်တစ်ကြိမ် ညနေတစ်ကြိမ်သာ ကင်းလှည့်တာမျိုးတွေလုပ်ဆောင်တာပါ။ မနေ့က တောင်ငူထောင်က အကျဥ်းသားတွေထွက်ပြေးလွတ်မြောက်သွားပြီးနောက်ပိုင်း စစ်ဆေးဖမ်းဆီးတာတွေပိုလုပ်လာတယ်။လူမရှိတဲ့အိမ်တွေကိုလည်းတံခါးတွေထရံတွေဖျက်ဆီးပြီ အိမ်ထဲဝင်စစ်ဆေးတာတွေလုပ်နေတယ်”လို့ အထက်ပါဒေသခံကဆက်ပြောပါတယ်။
ဒါ့အပြင် တောင်ငူ- သံတောင် ၇ မိုင်ဂိတ်၊ ခပေါင်းတံတား ၊စစ်တောင်မြစ်တံတား ၊ (၄)မိုင်ဂိတ်နဲ့လူသွားလူလာများတဲ့ နေရာတွေမှာ စစ်ကောင်စီတပ်ကအရပ်ဝတ်တွေနဲ့ လိုက်လံရှာဖွေစစ်ဆေးပြီး ဆိုင်ကယ်မောင်းနှင်လာတဲ့အမျိူးသားများကိုအဓိကထားပိုစစ်ဆေးတယ်လို့ သိရပါတယ်။
သတင်း – နော်ဖူးဖူး
ဓါတ်ပုံ – CJ
Phar Si Than (People’s Radio Myanmar)