မေ ၁၉ ရက် ၂၀၂၃ခုနှစ်
ရှမ်းပြည်နယ်တောင်ပိုင်း လဲချားမြို့အဝင်မှာ စစ်ကောင်စီတပ်ဖွဲ့ နဲ့ ရဲတွေက ကားသမားတွေဆီကနေ ငွေတွေ မတရားတောင်းစားနေတယ်လို့ ခရီးသွားကားသမားတွေက ပြောပါတယ်။
လဲချားမြို့ တောင်ဘက်အဝင်မှာရှိတဲ့ စစ်ကောင်စီ တပ်နဲ့ စစ်ကောင်စီရဲ ပူးတွဲထိုင်နေတဲ့ ဂိတ်ဟာ ကားသမားတွေဆီကနေ ဘီယာဖိုးဆိုပြီး ငွေတွေကျပ်ငါးထောင်ကနေ သုံးသောင်းအထိ တောင်းစားနေတာဖြစ်တယ်လို့လည်း ကိုယ်တိုင်ကြုံခဲ့ရတဲ့ ကားသမားတစ်ဦးကပြောပါတယ်။
“ကျွန်တော့်ကို ဘီယာဖိုးဆိုပြီး တစ်သောင်းတောင်းတယ်။ အစ်ကိုကြီးရေ ငါးထောင်ပဲပါလာလို့ ဒီလောက်ပဲယူလိုက်ပါလို့ ချိုချိုသာသာ ပြောပြီး ငါးထောင်ပေးခဲ့ရတယ်ဗျ။ မပေးရင်လည်း အကြောင်းတစ်မျိုးမျိုးပြပြီး ဖမ်းမှာကြောက်ရတယ်” လို့ ခရီးသွား ကားသမားတစ်ဦးကပြောပါတယ်။
လဲချားမြို့အဝင်မှာရှိတဲ့ စစ်ကောင်စီ တပ်ဖွဲ့တွေ အဲ့လိုတောင်းစားနေတာဟာ လိုင်းကားတွေပါမကျန် လာသမျှကားကိုတောင်းစားနေတာဖြစ်ပြီး ကုန်တင်ကားတွေဆိုရင် ပိုတောင်းတယ်လို့လည်း ကုန်တင်ကားဆရာတစ်ဦးကပြောပါတယ်။
“ကုန်စည်ပစ္စည်းတင်တဲ့ကားကြီးတွေဆို ငါးထောင် တစ်သောင်းနဲ့မရဘူးဗျ။ နှစ်သောင်း သုံးသောင်း ပေးရတယ်။ အုတ်၊ သဲ တင်တာတောင်မှ တစ်ခေါက်ဖြတ်တိုင်း တစ်ခါပေးရတယ်။ လဲချားဂိတ်က တောင်းတာ တော်တော်ဆိုးတယ်ဗျာ” လို့ သူကပြောပါတယ်။
လဲချားမြို့ဟာ တောင်ကြီး – လွိုင်လင် – လဲချား – မိုင်းရှူး လမ်းမကြီးပေါ် ရှိတာဖြစ်လို့ နေ့စဉ် ကားကြီး ကားငယ် အများအပြား ဖြတ်သန်းနေရတဲ့မြို့ဖြစ်ပါတယ်။