မေလ ၁၉ရက် ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ်၊ မြဝတီမြို့မြောက်ဘက်မှာရှိတဲ့ ရွှေကုက္ကိုလ်ဒေသမှာ စစ်ကောင်စီတပ်လက်အောက်ခံ BGF တပ်နဲ့ ရပ်ကွက်လူကြီးတွေ ပူးပေါင်းပြီး မဲနှိုက်စနစ်နဲ့ တပ်သားသစ်ခေါ်ယူစုဆောင်းတာတွေ၊ ပိုက်ဆံကောက်ခံတာတွေကို ပြုလုပ်နေတယ်လို့ ရွှေကုက္ကိုလ်မှာနေထိုင်သူတွေက ပြောပါတယ်။
ရွှေကုက္ကိုလ်မှာ မေလ အစပိုင်းကစပြီး BGFတပ်နဲ့ ရပ်ကွက်လူကြီးတွေပူးပေါင်းပြီး ရွှေကုက္ကိုလ်မြို့ထဲမှာရှိတဲ့ ရပ်ကွက်တွေနဲ့ အနီးနားကျေးရွာတွေကနေ တပ်သားသစ်စုဆောင်းမှုတွေကို ဆက်တိုက်ပြုလုပ်နေတာပါ။
ရွှေကုက္ကိုလ်အတွင်းမှာရှိတဲ့ ရပ်ကွက် ၁၊ ရပ်ကွက် ၂၊ ရပ်ကွက် ၃၊ ရပ်ကွက် ၄ နဲ့ ကျောက်ဖျာကျေးရွာ အစရှိတဲ့ကျေးရွာကဒေသခံတွေကို အသက် ၁၈နှစ်ကနေ ၄၀အောက် ယောကျာ်း ၃ရာနီးပါးကို လိုက်လံစုဆောင်းနေတယ်လို့ ရွှေကုက္ကိုလ်မှာ နေထိုင်သူတွေက ပြောပါတယ်။
“မသွားလို့မရဘူး၊ ရပ်ကွက်တစ်ခုကို လူ ၄၅ယောက်ခေါ်တယ်၊ ပြီးရင် ၁၅ယောက်ကိုမဲနှိုက်ရွေးတယ်၊ မဲပေါက်တဲ့သူက မလုပ်မနေရ၊မလုပ်ချင်ရင် တစ်ခြားသူကို ပိုက်ဆံတောင်းသလောက်ပေးပြီး ငှားလို့ရတယ်၊ မပေးနိုင်ရင် ကိုမဲပေါက်ရင် ကိုလုပ်ပေါ့၊ တစ်ရပ်ကွက်ကို ၁၅ယောက်ပြည့်အောင်ပေးရတယ်၊ ၁ခါသွားရင် ၃နှစ်ကြာတယ်၊” လို့ရွှေကုက္ကိုလ်မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် BGF တပ်တွေက ရပ်ဝေးကနေ ရွှေကုက္ကိုလ်မှာ လာရောက် စီးပွားရှာသူတွေဆီကနေ ငွေကြေးတောင်းခံတာတွေကိုပြုလုပ်နေတယ်လို့ ရွှေကုက္ကိုလ်မှာနေထိုင်သူတွေက ဆိုပါတယ်။
” အပြင်ကနေ စီးပွားရေးလာလုပ်တဲ့ လူတွေရှိတယ်၊ သူတို့တွေဆီကနေ ဘတ်၁၅၀၀တောင်းတာရှိတယ်၊ဘတ် ၂၀၀၀တောင်းတာရှိတယ်၊ သူတွေက စစ်မှုမထမ်းရဘူး၊ စစ်သားသစ်စုဆောင်းတဲ့အခါမှာဘဲ ပိုက်ဆံပေးရတာ၊ အပြင်ကနေ အလုပ်လာလုပ်တဲ့လူတွေကို မခေါ်ဘူး၊ ရွာခံတွေကိုဘဲခေါ်တာ၊” လို့ ရွှေကုက္ကိုလ်မှာ နေထိုင်သူတစ်ဦးက ဆိုပါတယ်။
ရွှေကုက္ကိုလ်မှာ ပြီးခဲ့တဲ့ ဧပြီလ ၅ရက်နေ့နဲ့ ၆ရက်နေ့တွေမှာ စစ်ကောင်စီတပ် BGF တပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်ဖွဲ့တွေကြား တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး BGF တပ်ဘက်ကနေ အကျအဆုံးများခဲ့တာကြောင့် အခုလို တပ်သားသစ် စုဆောင်းတာတွေကို ပြုလုပ်နေတာဖြစ်တယ်လို့ ရွှေကုက္ကိုလ်မှာ နေထိုင်သူတွေက ပြောပါတယ်။
သတင်း-ကိုဖြိုး
ဓာတ်ပုံ-Social
Phar Si Than(People’s Radio Myanmar)