မေ ၁၉ ၊ ၂၀၂၃ ခုနှစ်
စစ်ဘေးရှောင်နေရတဲ့ ပင်လောင်းမြို့နယ် ဒေသခံတစ်ဦးဟာ လိုအပ်တာတွေ ယူဖို့အတွက် ရွာပြန်ရာမှ ဘယ်အဖွဲ့က ထောင်ထားမှန်းမသိတဲ့ မိုင်းကိုနင်းမိလို့ ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
ပင်လောင်းမြို့နယ် ဝါးလီး စစ်ဘေးရှောင်စခန်းမှာနေထိုင်နေတဲ့ ပင်ပွံကျေးရွာသားခွန်ငွေလှိုင်ဟာ လိုအပ်တာတွေယူဖို့ ပြီးခဲ့တဲ့ မေလ ၁၁ ရက်မှာ ရွာပြန်ရာမှ ပင်ပွံမှာရှိတဲ့ သူ့ရဲ့အိမ်ရှေ့အရောက်မှာပဲ ဘယ်အဖွဲ့ကထောင်ထားမှန်းမသိတဲ့ မိုင်းကို နင်းမိခဲ့တာလို့ ပင်လောင်းမြို့နယ်ဒေသခံတစ်ဦးကပြောပါတယ်။
ပင်ပွံကျေးရွာဟာ စစ်ကောင်စီ ၊ PNO ပြည်သူ့စစ်ပူးပေါင်းတပ်နဲ့ အာဏာရှင်တော်လှန်ရေးတပ်ပေါင်းစုတို့ နေ့စဉ်တိုက်ပွဲဖြစ်ပွားနေတဲ့ ပင်လောင်း-ဖယ်ခုံ နယ်စပ်မှာ ရှိတဲ့ ကျေးရွာတစ်ရွာဖြစ်ပါတယ်။
“ ခြေထောက်မှာ ဒဏ်ရာဆိုးဆိုးဝါးဝါး ဖြစ်သွားတယ်။ အခုတော့ အောင်ပန်းမှာရှိတဲ့ ကုတင် ၇၀၀ ဆေးရုံမှာ ကုနေတယ်။ ဘယ်အဖွဲ့က ထောင်ထားတဲ့မိုင်းလဲဆိုတာကိုတော့ ထောင်တဲ့လူတွေပဲ အသိဆုံးနေမှာပေါ့” လို့ အဲ့ဒီဖြစ်စဉ်ကို သိရှိတဲ့ ပင်လောင်းမြို့နယ် ဒေသခံတစ်ဦးကပြောပါတယ်။
စစ်ဘေးရှောင်လာကတည်းက အခက်အခဲတွေနဲ့မို့ အခု မိုင်းနင်းမိတဲ့ ခွန်ငွေလှိုင်ဟာ ဆေးဝါးကုသမှုအတွက် ကုန်ကျစရိတ်အကူအညီလိုနေတယ်လို့လည်း သူကပြောပါတယ်။
ပင်ပွံကျေးရွာဟာ မတ်လအတွင်းကစပြီး တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ပင်လောင်း-ဖယ်ခုံနယ်စပ်နေရာတွေအနက် တစ်နေရာဖြစ်ပြီးတော့ တိုက်ပွဲဖြစ်ခါစမှာ KNDF တပ်ဖွဲ့နဲ့ တော်လှန်ရေးတပ်ပေါင်းစုတွေ ရောက်ရှိခဲ့ပေမယ့် တိုက်ပွဲဖြစ်ပွားပြီးနောက် လက်ရှိအချိန်ထိ စစ်ကောင်စီ နဲ့ စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်တွေ တပ်စွဲတဲ့နေရာဖြစ်ပါတယ်။
လက်ရှိအချိန်ထိ ပင်လောင်း-ဖယ်ခုံ နယ်စပ်ဟာ တိုက်ပွဲပြင်းထန်နေဆဲဖြစ်တဲ့အပြင် စစ်ကောင်စီက တောင်ယာတွေ ဘာသာရေးအဆောက်အဦးတွေ ရွာတွေထဲမှာ မြေမြုပ်မိုင်းတွေ ထောင်ထားကြလို့ သတိထားသွားလာကြဖို့ အင်းလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ IPDF က အသိပေးထုတ်ပြန်ထားပါတယ်။
KhamHti Radio ( PRM)