
ကျောင်းတွေပိတ်၊ ဂူထဲအိပ်၊ စိတ်မဖြောင့်ရတဲ့ ထမင်းလုတ်တွေ
နေမဝင်ခင် မိနစ်ပိုင်းအလိုလေးမှာပဲ အငယ်ဆုံး နှစ်နှစ်သမီးကနေ အကြီးဆုံး ၁၄ နှစ်အရွယ်ထိပါဝင်တဲ့ စစ်ရှောင်ကလေးငယ် ၉ ဦးခန့်အုပ်စုဟာ ဘတ်ထရီအိုး၊ စောင်၊ ခေါင်းအုံး၊ ဓာတ်မီး၊ ရေဘူး ကိုယ်စီပိုက်လို့ သီချင်းတကြော်ကြော်နဲ့ ထွန်ပြီးစ လယ်ကွင်းကိုဖြတ်လျှောက်လာပါတယ်။ ကလေးအုပ်စုထဲက အသက်အကြီးဆုံး ဖြစ်ဟန်တူတဲ့ ၁၄ နှစ်အရွယ်မိန်းကလေးက ဘတ္တရီအိုးကို တဘက်ကသယ်၊ စောင်ခေါင်အုံးတွေ လက်မောင်းမှာပွေ့ရင်း ကျန်လက်တဘက်က ၆ နှစ်အရွယ် ညီမငယ်ကို လက်ဆွဲခေါ်လာပါတယ်။ သူတို့နောက်မှာ သူတို့ရဲ့ မိခင်၊ ဦးလေးမောင်ဘွားတွေက ဓာတ်မီးကိုယ်စီနဲ့ လိုက်လာကြပါ။ စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုဒဏ်ကို ရှောင်ရှားနိုင်ရေး သူတို့စစ်ရှောင်စခန်းရဲ့ အနောက်ဘက် မီတာ ၁၀၀ ခန့်အကွာက ကျောက်ဂူဆီကို ညအိပ်စက်ဖို့အတွက် နေမဝင်ခင် အမီထွက်ခွာလာကြတာပါ။
“ဂူကလည်း လူအများကြီးမဆန့်တော့ ကလေးတွေပဲ အဓိက ဝင်အိပ်ကြတယ်။ ကျမတို့ လူကြီးတွေကတော့ ဂူအပြင်မှာ အချို့စောင့်အိပ်၊ အချို့လည်း စခန်းထဲက ဗုံးခိုကျင်းတွေထဲမှာပဲ အိပ်ကြတယ်။ အခြားပြောင်းဖို့လည်း ပြောင်းရေရွှ့တာကို စိတ်ကုန်နေပြီ။ တခါတခါ ပြောင်းဖို့ စရိတ်ကလည်း မနည်းဘူး။ ဒီတခါတော့ စစ်ကြောင်းဝင်မလာမချင်း မပြောင်းတော့ဘူးလို့ပဲ စိတ်ကူးတယ်။ ဒီမှာ လုံခြုံတယ်လို့ မခံစားရပေမဲ့ အခြားနေရာတွေကိုလည်း လေယာဉ်၊ လက်နက်ကြီးတွေက ပစ်နေတာပဲ။ အဲဒါကြောင့် မပြောင်းဖြစ်သေးဘူး” လို့ ကလေးငယ်တစုကို အိပ်စက်ဖို့ ဂူဆီ လိုက်ပို့တဲ့လမ်းမှာ အသက် ၄၃ နှစ်အရွယ် စစ်ရှောင်အမျိုးသမီး ဒေါ်ဘူးမြာ(အမည်လွှဲ)က ပြောပြခဲ့ပါတယ်။
စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးဒဏ်တွေ ရှိနေပေမဲ့ ပြောင်းရွေ့ဖို့ အခြေအနေမပေးတဲ့ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းက ဒေါ်ဘူးမြာတို့လို စစ်ရှောင်တွေဟာ ရှိလက်စနေရာမှာပဲ အသက်အန္တရာယ် နည်းနိုင်သမျှနည်းအောင် ကြိုးစားပြင်ဆင်ရင်း ဆက်လက်နေထိုင်နေကြပါတယ်။ ၎င်းတို့ သားသမီးတွေ ပညာသင်ကြားနေတဲ့ ဒေသတွင်းက ကိုယ်ထူကိုယ်ထကျောင်း ၅ ကျောင်းဟာလည်း လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်ကြောင့် တာလပတ်မိုးတွေ ဖြုတ်ပြီး ကျောင်းပိတ်ထားရပါတယ်။ ကရင်နီဒေသမှာ မတ်လကစလို့ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ အရှိန်မြှင့်လုပ်ဆောင်လာတာ ယနေ့အချိန်ထိပါပဲ။ တိုက်ပွဲစစ်မြေပြင်တင်မကပဲ ဆေးရုံဆေးခန်းတွေ၊ တိုက်ပွဲတခါမှ မဖြစ်ဖူးတဲ့ ရွာတွေအပြင် စစ်ဘေးရှောင်တွေရှိရာ နေရာများကိုပါ ပစ်မှတ်ထား တိုက်ခိုက်တာတွေကို ၂ လကျော်ကာလအတွင်း စစ်ကောင်စီက ဆက်တိုက်လုပ်ဆောင်ခဲ့ပါတယ်။
ဒေါ်ဘူးမြာတို့ စစ်ရှောင်နေကြတဲ့ ဒီးမော့ဆိုအနောက်ခြမ်းဟာလည်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု ပစ်မှတ်တွေထဲက တခုဖြစ်လာပါတယ်။ ဧပြီ ၂၇ ရက် မနက် ၉ နာရီဝန်းကျင်က ဒီးမော့ဆို အနောက်ခြမ်း ကားဝပ်ရှော့နဲ့ စစ်ဘေးရှောင်ဈေးဆိုင်များရှိရာ ၁၁ မိုင်ကုန်းကို လေယာဉ် ၂ စီးနဲ့ ၃ နာရီကျော်ကြာ ဗုံးကြဲပစ်ခတ်ခဲ့ပါတယ်။ လေကြောင်းက တိုက်ခိုက်နေစဉ်မှာ လက်နက်ကြီးတွေလည်း ၁၄ လုံးထက်မနည်း တောက်လျောက် ပစ်ခတ်ခဲ့ပါတယ်။ တရက်သာခြားပြီး ၂၉ ရက်မှာလည်း နောက်ထပ် လေယာဉ် ၁ စီးနဲ့ အဲဒီနေရာကိုပဲ ဗုံးထပ်ကြဲခဲ့ပါတယ်။ အဲဒီရက်က စတင်ပြီး မတ် ၁၈ ရက် ညပိုင်းအထိ ဒီးမော့ဆိုအနောက်ခြမ်းမှာ လက်နက်ကြီးများလည်း နေ့စဉ် ကျရောက်ပေါက်ကွဲနေပါတယ်။ ဒီဖြစ်စဉ်တွေဟာ ဒေသတွင်းက လူထုနဲ့ စစ်ရှောင်တွေအတွက်တော့ စိုးရိမ်စရာ ကိစ္စဖြစ်လာပါတယ်။
“ထမင်းလဲဖြောင့်ဖြောင့် မတည်ရဲဘူးလေ၊ ဘယ်အချိန်လာပစ်မလဲပဲ စိုးရိမ်နေရတော့၊ ထမင်းအိုး တည်ထားလိုက်၊ တောင်ခြေက အကာနားလေးမှာ ပြန်နေလိုက်၊ မီးလာပြန်ထိုးလိုက်နဲ့ပဲ၊ ဒီအချိန်လောက်ဆို ထမင်းကျက်လောက်ပြီလား အဲ့လိုခန့်မှန်းပြီး တည်ရတာ၊ ကလေးတွေကိုတော့ အစတည်းက တောင်ခြေမှာပဲ ပေးနေထားတယ်၊ စခန်းထဲနေရတာက မလုံခြုံတော့ဘူးလေ။” လို့ ဒေါ်ဘူးမြာက စစ်ကောင်စီရဲ့ လေယာဉ်နဲ့ လက်နက်ကြီးကို ရှောင်ရှားရင်း မနက်တိုင်း ထမင်းချက်ရတဲ့ ရုန်းကန်ရမှုကို ပြောပြပါတယ်။

တပ်ရင်းတပ်ဖွဲ့များရဲ့ ထုတ်ပြန်ချက်တွေကို စာရင်းပြုစုကြည့်ရင် မတ်လမှ ယခု မေလဝက်အထိ ၂ လကျော်အတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ပင်လောင်းနဲ့ ကရင်နီဒေသမှာ ဆေးရုံ ၃ ရုံ၊ ကျောင်း ၂ ကျောင်းအပါအဝင် အဆောက်အဦး ၃၂၀ လုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့ကြောင်း တွေ့ရပါတယ်။ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဧပြီလနဲ့ မေလအတွင်းမှာ အသက် ၁၇ နှစ်အရွယ် မိန်းကလေးတဦး၊ အသက် ၄၀ ခန့်အရွယ် အမျိုးသားတဦး၊ DMO-PDF ရဲဘော်တဦး၊ KA ရဲဘော်တဦးနဲ့ ဆေးတပ်ဖွဲ့ဝင် ၂ ဦးလည်း ကျဆုံးခဲ့ရပါတယ်။
စစ်ရေးပစ်မှတ်ဖြစ်ခြင်း မဖြစ်ခြင်းကို ထည့်မတွက်ပဲ လေကြောင်း၊ လက်နက်ကြီးတွေနဲ့ တိုက်ခိုက်တာဟာ ဒေသခံတွေနဲ့ စစ်ရှောင်လူထုကို အကြောက်တရားနဲ့ ရှင်သန်ရစေဖို့၊ ရှိပြီးသား လူမှုစီးပွားရေးအသိုင်းအဝိုင်း ပျက်စီးစေဖို့နဲ့ စစ်ရှောင်လူထု ရရှိနေတဲ့ ဝန်ဆောင်မှုတွေ ရပ်တန့်သွားဖို့ စစ်ကောင်စီက ရည်ရွယ်လုပ်ဆောင်တာ ဖြစ်တယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ရဲ့ အမှုဆောင်ဒါရိုက်တာ ဦးဗညားက သုံးသပ်ပါတယ်။
“ဒေသခံတွေ စစ်ရှောင်တွေ ရှိတဲ့နေရာတွေ၊ သူတို့ရဲ့ လူမှုစီးပွားအထိုင်ကျပြီးသားနေရာတွေ၊ စိုက်ပျိုးရောင်းဝယ်ရေး ဖူလုံလာတဲ့ နေရာတွေကိုလည်း ဒီလူမှုစီးပွားအသိုင်းအဝိုင်းကို ဖျက်စီးဖို့ လက်နက်ကြီးတွေ လေယာဉ်တွေနဲ့ တိုက်ခိုက်တာပေါ့။ အဲဒီတော့ (၁) အချက်၊ စစ်ရှောင်တွေက ထပ်ကာထပ်ကာ ရွေ့ပြောင်းရရင်း မလုံခြုံတော့ဘူးဆိုတဲ့ အကြောက်တရားနဲ့ နေထိုင်နေရတယ်။ ပြီးတော့ စစ်ရှောင်တွေက နဂိုအထိုင်ကျပြီးသားနေရမှာ ဈေးကလေး၊ ဆိုင်ကလေးရှိတော့ ဝယ်ရရောင်းရ အဆင်ပြေတယ်၊ human security(လူသားလုံခြုံမှု) ကိုလည်း ခံစားရတဲ့ နေရာတွေကို လေကြောင်း၊ လက်နက်ကြီးနဲ့ တိုက်တယ်။ ဈေးပျက်သွားပြီး ထပ်ရွေ့ရတော့ human security ရှုထောင့်ကနေ ကြည့်ရင် စားနပ်ရိက္ခာဖူလုံမှုပါ ဖျက်ဆီးခံရတယ်ပေါ့။ တိုက်ခိုက်မှုကြောင့် ထပ်ပြောင်းရ ရွေ့ရတော့ သူတို့ နဂိုရနေတဲ့ ဝန်ဆောင်မှုတွေဖြစ်တဲ့ ကျန်းမာရေး၊ ပညာရေးတွေလည်း ပိုခက်ခဲကုန်တယ်၊ အချို့ လုံးဝ ရပ်တန့်သွားကြတယ်။ ဒါ စစ်ကောင်စီက သူတို့ရဲ့ ယန္တရားမလည်ပတ်နိုင်တော့တဲ့ နေရာတွေမှာ လူထုနဲ့ စစ်ရှောင်တွေရဲ့ လူမှုဘဝကို ဖျက်ဆီးဖို့ လုပ်တယ်လို့ ပြောလို့ရပါတယ်။” လို့ ဦးဗညားက သုံးသပ်ပါတယ်။စီးပွားအထိုင်ကျပြီးသားနေရာတွေ၊ စိုက်ပျိုးရောင်းဝယ်ရေး ဖူလုံလာတဲ့ နေရာတွေကိုလည်း ဒီလူမှုစီးပွားအသိုင်းအဝိုင်းကို ဖျက်စီးဖို့ လက်နက်ကြီးတွေ လေယာဉ်တွေနဲ့ တိုက်ခိုက်တာပေါ့။ အဲဒီတော့ (၁) အချက်၊ စစ်ရှောင်တွေက ထပ်ကာထပ်ကာ ရွေ့ပြောင်းရရင်း မလုံခြုံတော့ဘူးဆိုတဲ့ အကြောက်တရားနဲ့ နေထိုင်နေရတယ်။ ပြီးတော့ စစ်ရှောင်တွေက နဂိုအထိုင်ကျပြီးသားနေရမှာ ဈေးကလေး၊ ဆိုင်ကလေးရှိတော့ ဝယ်ရရောင်းရ အဆင်ပြေတယ်၊ human security(လူသားလုံခြုံမှု) ကိုလည်း ခံစားရတဲ့ နေရာတွေကို လေကြောင်း၊ လက်နက်ကြီးနဲ့ တိုက်တယ်။ ဈေးပျက်သွားပြီး ထပ်ရွေ့ရတော့ human security ရှုထောင့်ကနေ ကြည့်ရင် စားနပ်ရိက္ခာဖူလုံမှုပါ ဖျက်ဆီးခံရတယ်ပေါ့။ တိုက်ခိုက်မှုကြောင့် ထပ်ပြောင်းရ ရွေ့ရတော့ သူတို့ နဂိုရနေတဲ့ ဝန်ဆောင်မှုတွေဖြစ်တဲ့ ကျန်းမာရေး၊ ပညာရေးတွေလည်း ပိုခက်ခဲကုန်တယ်၊ အချို့ လုံးဝ ရပ်တန့်သွားကြတယ်။ ဒါ စစ်ကောင်စီက သူတို့ရဲ့ ယန္တရားမလည်ပတ်နိုင်တော့တဲ့ နေရာတွေမှာ လူထုနဲ့ စစ်ရှောင်တွေရဲ့ လူမှုဘဝကို ဖျက်ဆီးဖို့ လုပ်တယ်လို့ ပြောလို့ရပါတယ်။” လို့ ဦးဗညားက သုံးသပ်ပါတယ်။

စစ်ရေးပစ်မှတ် ဟုတ်တာတွေရော မဟုတ်တာတွေရောကို ဦးတည်တိုက်ခိုက်နေတဲ့ စစ်ကောင်စီရဲ့ လေယာဉ်နဲ့ လက်နက်ကြီးတွေကြောင့် ဒီးမော့ဆိုအနောက်ဘက်ခြမ်းက စစ်ရှောင်ကလေးငယ်များရဲ့ ပညာသင်ကြားမှုဟာလည်း ခြိမ်းခြောက်ခံနေရပါတယ်။
“၁၁ မိုင်ကုန်းကို သူတို့ (စစ်ကောင်စီ) ဗုံးကြဲပြီး နောက်ပိုင်း ကျမတို့လည်း အရာရာ ဂရုစိုက်ရတော့တာ၊ ကလေးတွေကို စိတ်ပူလို့လေ၊ စာပေးမသင်သေးဘဲ ကျောင်းလည်းပိတ်ထားတယ်၊ ကျောင်းဆို အမိုးပါ ဖြုတ်ထားရတယ်၊ လေယာဉ်ခနခနဝဲနေတော့ သူတို့ အပေါ်ကနေ မိုးကာတဲကို မြင်ရင် ပစ်မှာစိုးလို့လေ၊” လို့ နောက်ထပ် စစ်ရှောင်စခန်းတခုက ဆရာမတဦးကလည်း Karenni’s Voice ကို ပြောပြခဲ့ပါတယ်။
၁၁ မိုင်ကုန်း လေကြောင်းတိုက်ခိုက်ခံရပြီးနောက်ပိုင်း ဒီးမော့ဆိုအနောက်ခြမ်း စစ်ရှောင်စခန်းများ အတွင်းက စာသင်ကျောင်း ၅ ကျောင်းခန့်ဟာ ပိတ်ထားရပါတယ်။ လုံခြုံရေးစိတ်ချရတဲ့အခါ ကျောင်းပြန်ဖွင့်မယ်လို့ စဉ်းစားထားကြပေမဲ့ ဘယ်တော့မှ လုံခြုံမယ်ဆိုတာတော့ ဘယ်သူ့မှာမှ အဖြေမရှိပါဘူး။
“ကျောင်းတချို့ကတော့ ပိတ်ထားရတယ်ဗျ၊ လုံခြုံရေးအရ စိုးရိမ်ရလို့ပါ၊ ပိတ်ထားရတာ တပတ်ကျော်နေပြီ၊ ဘယ်အချိန်ပြန်ဖွင့်နိုင်မလဲဆိုတာလည်း အတိအကျတော့ မသိနိုင်ဘူးပေါ့၊ လေယာဉ်ရန် စိတ်မပူရတော့ဘူးဆိုမှ ပြန်ဖွင့်နိုင်မယ်ထင်တယ်၊” လို့ ဒီးမော့ဆိုပညာရေးဘုတ်အဖွဲ့ တာဝန်ရှိသူက ပြောပြပါတယ်။

စာသင်ကျောင်းများ ပိတ်ထားရတဲ့အပြင် စစ်ဘေးရှောင်တွေရဲ့ နေ့စဉ်ဘဝ လုပ်ငန်းဆောင်တာတွေမှာလည်း အခက်အခဲတွေ ဖြစ်လာပါတယ်။ စစ်ကောင်စီက ၁၁ မိုင်ကုန်းကို လေကြောင်းတိုက်ခိုက်ပြီးနောက်မှာပင် ဒီးမော့ဆိုအနောက်ခြမ်းကို နေ့စဉ်ရက်ဆက် လက်နက်ကြီးများပစ်ခတ် တိုက်ခိုက်ခဲ့သလို မေ ၇ ရက် နေ့လည်ပိုင်းကလည်း ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါသေးတယ်။ ဘယ်အချိန်မှာ ဘယ်လိုတိုက်ခိုက်ခံရမလဲ ဆိုတာကို အစဉ်အမြဲ စိုးရိမ်ပူပန်နေရတဲ့ စစ်ဘေးရှောင်တွေဟာ စိတ်လုံခြုံမှုရနိုင်ဖို့ အမျိုးမျိုး ကြံစည်လုပ်ဆောင်ရပါတယ်။ သက်ကြီးရွယ်အိုနဲ့ ကလေးသူငယ်များကို ဘေးကင်းမယ်လို့ ၎င်းတို့ ယူဆကြတဲ့ တောတောင်များ ဂူများနဲ့ ဗုံးခိုကျင်းများထဲမှာ အိပ်စက်စေပါတယ်။ ဒီနေရာမလုံခြုံရင် အခြားနေရာပြောင်းမလားဆိုတဲ့ စဉ်းစားချက်ကိုလည်း သူတို့တွေ လက်လွှတ်ထားလိုက်ကြပါတယ်။
“တခါတခါ စခန်းတခုလုံး ပြောင်းရသယ်ရတဲ့ စရိတ်ကိုလည်း မတတ်နိုင်တော့ဘူး။ တခါပြောင်းရပြီဆို တဲတွေပြန်ဆောက်ရ၊ ရွာခံတွေဆီခွင့်တောင်းရနဲ့ လွယ်လည်းမလွယ်ဘူး။ လေယာဉ်၊ လက်နက်ကြီးက ဘယ်နားနေနေ မလုံခြုံဘူးလေ။ နေရာတိုင်းမှာ ပစ်နေတာ။ မိုးလည်းကျပြီဆိုတော့ တောင်ယာလည်း စိုက်ဖို့ရှိသေးတယ်။ ဒီတခါတော့ စစ်ကြောင်း ရွာထဲဝင်လာလို့ ဘယ်လိုမှ နေလို့မဖြစ်တော့ဘူးဆိုမှ ပြောင်းတော့မယ်။” လို့ ဒေါ်ဘူးမြာက ပြောပြပါတယ်။
သူ့အတွေးတွေ အတွေ့အကြုံတွေကို ပြောပြပြီးနောက် ဒေါ်ဘူးမြာဟာ ကလေးငယ်တွေ အိပ်စက်ဖို့ အိပ်ယာပြင်နေတဲ့ ကျောက်ဂူဝမှာ ခြေပစ်လက်ပစ် ထိုင်ချလိုက်ပါတော့တယ်။ ထိုင်နေရင်းနဲ့ပဲ ကျောက်ဂူထဲမှာ ဖျာခင်း၊ ဘတ္တရီမီးထွန်း ပြင်ဆင်နေကြတဲ့ ကလေးငယ်အုပ်စုကို တလှည့်၊ “ဒုန်း”ကနဲ အသံနဲ့အတူ ကျောက်ဂူအပြင်ဘက် ကောင်းကင်ပေါ်မှာ ဖြတ်ပျံသွားတဲ့ မီးလုံးလုံးနီနီကြီးကိုတလှည့် ကြည့်နေရင်း သက်ပြင်းရှည်တချက် မှုတ်ထုတ်လိုက်ပါတော့တယ်။ နောက်မနက် နေထွက်တဲ့အခါ လေယာဉ်နဲ့ လက်နက်ကြီးရှောင်ချိန်ကို ပိုတွက်ပြီး ထမင်းစောစောထချက်ဖို့ သူကိုယ်တိုင်လည်း ဒီညအတွက် အနားယူရပါတော့မယ်။

– Karenni’s Voice (People’s Radio Myanmar)