မေလ ၁၈ ရက်၊ ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ်၊ မြဝတီမြို့နဲ့ ကော့ကရိတ်မြို့ကိုဆက်သွယ်ထားတဲ့ အာရှလမ်းမမှာ စစ်ကောင်စီတပ်လက်အောက်ခံ နယ်ခြားစောင့်တပ် BGF တပ်တွေက ကားသမားတွေဆီကနေ ငွေကြေးအဆမတန်ကောက်ခံတာတွေကို ပြုလုပ်နေတယ်လို့ ကားသမားတွေဆီက သိရပါတယ်။
မြဝတီမြို့နဲ့ ကော့ကရိတ်မြို့ထဲမှာ ပြီးခဲ့တဲ့ ဧပြီလ လကုန်ပိုင်းလောက်က စစ်ကောင်စီတပ် BGF တပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ဖြစ်ပွားပြီးတဲ့နောက်ပိုင်းမှာ BGF တပ်က အခုလို ပိုက်ဆံကောက်ခံတာတွေကို ပြုလုပ်နေတာလည်း ဖြစ်ပါတယ်။
မြဝတီ-ကော့ကရိတ် အာရှလမ်းတစ်လျှောက်မှာ စစ်ကောင်စီတပ် BGF တပ်ဂိတ် ၅ ခုကနေ ၇ ခုအထိရှိနေပြီး ကုန်တင်ကားကြီးတစ်စီးကို တစ်ဂိတ် ၃ သောင်းအထိတောင်းခံနေတယ်လို့ ကုန်ကားမောင်းသူတစ်ဦးက ပြောပါတယ်။
“တစ်စီးကို ဘယ်လောက်ထိကောက်လဲဆိုတော့ ၂ သောင်းကနေ ၃သောင်းအထိကောက်တယ်ပေါ့နော်၊ အဖွဲ့ကတော့ပုံမှန်မရှိဘူး တစ်ခါတစ်လေ ၅ ဖွဲ့ရှိတယ်၊ တစ်ခါတစ်လေ ၇ ဖွဲ့ရှိတယ်၊ တစ်ခါတစ်လေ ၁၀ ဖွဲ့အထိရှိတယ်၊ ကျွန်တော်တစ်ခေါက်သွားရင် ၁၁၇၀၀၀ အထိကုန်တယ်ဗျ၊ ကော့ကရိတ်ကနေ မြဝတီမြို့အရောက်ဆိုရင်” လို့ ကုန်ကားမောင်းနှင်သူတစ်ဦးက ပြောပါတယ်။
အခုလို ပိုက်ဆံကောက်ခံနေတာကြောင့် မြဝတီ-ကော့ကရိတ် အာရှလမ်းမှာ ကားမောင်းတဲ့ ကုန်ကားသမားတွေက လုပ်အားခအပြည့်အဝမရရှိတာတွေနဲ့ ကြုံတွေ့နေရတယ်လို့ သူကဆက်ပြော ပါတယ်။
သူက “ကျွန်တော်တို့ကားသမားတွေအနေနဲ့လည်း အခုလို ပိုက်ဆံအများကြီးတောင်းတော့ အခက်အခဲတွေတော့ ရှိတာပေါ့ဗျာ၊ ကျွန်တော်တို့ကလည်း ကားငှားမောင်းရတာဆိုတော့ owner တွေကတော့ အိမ်ကနေ စာအုပ်ကြီးနဲ့ဘဲ ကိုင်ထားတာ သူတို့က စာအုပ်ကြီးတွေနဲ့ ကိုင်ထားတာဆိုတော့ ကျွန်တော်တို့က ဒီလောက်ပေးရတယ်ဆို တစ်ချို့ကလည်းယုံကြည်မှုရှိသလို တစ်ချို့ကျတော့လည်း ဒရိုင်ဘာက ဘတ်ထားတယ်ပေါ့၊ အဲ့လိုမျိုးတွေကုန်တယ်ဆိုတော့ ကားပိုင်ရှင်တွေက မယုံတော့ ခေါက်ကြေးရနည်းတာပေါ့” လို့ ဆက်ပြောပါတယ်။
စစ်ကောင်စီတပ် အာဏာမသိမ်းခင်က မြဝတီ-ကော့ကရိတ် အာရှလမ်းမှာ ပိုက်ဆံကောက်ခံတာတွေမရှိပေမဲ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းလောက်ကစပြီး အခုလို ပိုက်ဆံအဆမတန်ကောက်တာတွေရှိလာတယ်လို့ မြဝတီ-ဘားအံ ကားမောင်းသူတစ်ဦးက ဆိုပါတယ်။
“အာဏာမသိမ်းခင်ကတော့ အခုလိုကောက်တာတွေမရှိဘူးပေါ့ ၊ရှိလည်း ၁ ဂိတ်စ ၂ ဂိတ်စလောက်ဘဲ ၊ ပေးရလည်း ၁ ထောင် ၂ ထောင်ဘဲ၊ သူတို့ ကွမ်းဖိုး၊ ဆေးလိပ်ဖိုးပေါ့၊ အာဏာသိမ်းပြီး ဒီ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလလောက်ကနေစပြီးတော့ ၅ ထောင် ၁ သောင်း တိုးတိုးကောက်လာတာ” လို့ ကားသမားတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီတပ် အာဏာသိမ်းပြီးနောက်ပိုင်း ကော့ကရိတ်မြို့ နဲ့ မြဝတီမြို့အနီးတစ်ဝိုက် ကျေးရွာတွေဘက်မှာ စစ်ကောင်စီတပ် BGF တပ်တွေနဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲတွေ မကြာခနဖြစ်ပွားလေ့ရှိတာကြောင့် မြဝတီ-ကော့ကရိတ် အာရှလမ်းမ မကြာခနပိတ်လေ့ရှိပြီး လမ်းပြန်ဖွင့်တိုင်းမှာလည်း စစ်ကောင်စီတပ်လက်အောက်ခံ BGF တပ်တွေက ဂိတ်ချပြီး ပိုက်ဆံ အဆမတန်ကောက်ခံတာတွေကို ပြုလုပ်နေတာလည်း ဖြစ်ပါတယ်။
သတင်း – ကိုဖြိုး
ဓါတ်ပုံ – CJ
Phar Si Than (People Radio Myanmar)