မူဆယ် မေ ၁၇။ ။ People Radio Myanmar
ရှမ်းပြည်နယ် မြောက်ပိုင်း၊ တရုတ်နယ်စပ်၊ မြန်မာနိုင်ငံရဲ့ အရှေ့မြောက်ပိုင်း စီးပွားရေး တံခါးပေါက်ဖြစ်တဲ့ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရာလမ်းကြောင်းမှာ ကုန်ကားတွေအပေါ် ငွေကြေး ကောက်ခံမှုတွေ ပိုများလာတာကြောင့် ကုန်ဂိတ်လုပ်ငန်းရှင်တွေ အနေနဲ့ အခက်တွေ့နေတယ်လို့ နယ်စပ်ကုန်ဂိတ် လုပ်ငန်းရှင်တွေဆီက သိရပါတယ်။
လက်ရှိ စစ်ကောင်စီ အစိုးရအနေနဲ့ သွင်းကုန်တွေကို ၁၀၀ ရာခိုင်နှုန်း အခွန် အမှန်ဆောင်ဖို့ အမိန့်ကြေညာစာ ထုတ်ပြန်လိုက်ပြီးနောက်မှာ ကုန်ဂိတ်တွေဘက်က အခွန်မှန်အောင် ဆောင်နိုင်ဖို့ တရုတ်ဘက်က Form E လို့ခေါ်တဲ့ အခွန်တစ်ဝက် သက်သာခွင့်ပုံစံနဲ့ လျှောက်ခွင့် ပြုထားတာပါ။
အခုလို ခွင့်ပြုထားတာကြောင့် မြန်မာဘက်က သွင်းကုန် လုပ်ငန်းရှင်တွေဟာ အဲဒီ Form E နဲ့ အခွန်သက်သာခွင့် လျှောက်ကြပြီး ကုန်တင်သွင်းကြတယ်လို့ ဆိုပါတယ်။
တရုတ်ဘက်က အခုလို သက်သာခွင့်ပြုထားပေမယ့် မြန်မာဘက်ခြမ်းက ကာစတန်တွေဟာ သွင်းကုန် လုပ်ငန်းရှင်တွေဆီ အခွန်သက်သာခွင့် ရထားတဲ့ငွေရဲ့ တစ်ဝက်ကို ပြန်တောင်း ယူနေကြတာကြောင့် အခက်တွေ့နေတယ်လို့ နယ်စပ်ကုန်ဂိတ် လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
“Form E ခံစားလို့ရတဲ့ ပိုက်ဆံရဲ့ တဝက်ကို ကာစတန်က တောင်းတယ်။ ပြီးတော့ ဈေးနှုန်းပေါ်မှာ အဟကြေး ပေးရမယ်ဆိုပြီးတော့ အပေါ်မှာရှိတဲ့ ကာစတန်တွေက တစ်ခါတောင်းတယ်။ ၂ ခါပေးရမယ်ဆိုတော့ သေပြီလေ”
ဒါ့အပြင် သွင်းကုန်လုပ်ငန်းရှင်တွေဟာ တရုတ်ဘက်ကနေ မြန်မာဘက်ထဲကို ဝင်လာပြီ ဆိုတာနဲ့ ဌာနပေါင်းစုံ၊ ရဲ၊ စစ်တပ်၊ ပြည်သူ့စစ် စတဲ့လမ်းကြေးတွေအပြင် တိုင်းရင်းသား လက်နက်ကိုင် (EROS)တွေကိုလည်း အခွန်တွေ ဆောင်နေကြရတာကြောင့် လမ်းခရီး ကုန်ကျစရိတ်များပြီး အခက်အခဲဖြစ်နေတယ်လို့ နယ်စပ်သွင်းကုန် လုပ်ငန်းရှင်တစ်ဦးက လက်ညွှန်ပြရင်း ပြောပါတယ်။
“အဲဒီကားထွက်လာရင် ပလောင်နဲ့ ရှမ်းနဲ့က ပလောင်ကြေး၊ ရှမ်းကြေး တောင်းတယ်။ ပြီးရင် ကချင်က ကျတော့ အခွန်ဆောင် ရသလိုမျိုးပဲ အစိုးရဆီမှာ ဘယ်လောက်ဆောင်လဲဆိုတဲ့ စာရွက်စာတမ်း တောင်းတယ်။ သူတို့ကြည့် ပြီးတော့ အဲပေါ်မှာ သိန်း သုံးဆယ်၊ သိန်းလေးဆယ်၊ သိန်းငါးဆယ်၊ သိန်းအစိတ်၊ သိန်းနှစ်ဆယ် အဲလိုမျိုးတွေ မတော်မတရား တောင်းတယ်”
ဒါ့အပြင် စစ်အာဏာသိမ်းပြီး နောက်ပိုင်းမှာ ကုန်သွယ်ရာလမ်းကြောင်းတစ်လျှောက် ငွေကြေး ပေးဆောင်ရတာတွေ ပိုများလာတာကြောင့် ကုန်ဈေးနှုန်းတွေလည်း ကျလာဖို့မရှိဘူးလို့ သူက ဆက်ရှင်းပြပါတယ်။
နယ်စပ်ဂိတ်တွေမှာ အခွန်တွေအမြောက်အများ ပေးဆောင်ရတာကြောင့် ကုန်သည်တွေအနေနဲ့ သူတို့အရှုံးမပေါ်အောင် ဈေးတင်ရောင်းကြမှာဖြစ်ပြီး အောက်ခြေလူတန်းစားတွေ အနေနဲ့ စားဝတ်နေရေး ပိုကြပ်တည်းလာနိုင်တယ်လို့ မူဆယ်ဒေသခံတွေက သုံးသပ်ပြောဆိုထားပါတယ်။
#မြောက်ပိုင်းသူ