မေလ ၁၇ ရက်၊ ၂၀၂၃ ခုနှစ်
ကရင်နီ (ကယား) ပြည်နယ်အတွင်းက စစ်ဘေးရှောင်ပြည်သူ ၂၀၀,၀၀၀ ကျော်အတွက် မိုးတွင်းကာလမှာ ဆန် နဲ့ မိုးကာ တွေ အဓိကလိုအပ်နေတယ်လို့ ကရင်နီစစ်ဘေးရှောင် ကူညီထောက်ပံ့ရေးအဖွဲ့ (Job For Kayah) တာဝန်ရှိ သူထံမှသိရပါတယ်။
ကယားပြည်နယ်အတွင်းမှာ ဆန်တအိတ်ကို အနည်းဆုံး ၆၀,၀၀၀ ကျပ်ကနေ ၈၀,၀၀၀ ကျော်အထိပေးဝယ် ရပါတယ်။ မိုးကာကလည်း အနည်းဆုံး ၅၀,၀၀၀ကျပ် ကနေ ၁၀၀,၀၀၀ ကျော်အထိပေးဝယ် နေရတယ်လို့ Job For Kayah မှ တာဝန်ရှိသူက အခုလိုပြောပါတယ်။
“စစ်ရှောင်တွေအတွက် အဓိကလိုအပ်တာကတော့ ဆန် နဲ့ မိုးကာပါ။ စစ်ရှောင်အရေအတွက်က ကယားပြည်နယ် တစ်ခုလုံးဆိုရင် ၂ သိန်း ကျော်ပါမယ်ခင်ဗျ။ ဒီဘက်မှာ ဗမာဆန် ဆိုရင် တအိတ်ကို ၆ သောင်း ကနေ ၈ သောင်း ကျော်အထိအမျိုးမျိုးရှိပါတယ်။ မိုးကာက ကျွန်တော်တို့ (၂၁) ပေ ပတ်လည်ကို ၅ သောင်းကျော်ပေးရတယ်။ ၆ ပေ × ကိုက် ၁၀၀ ဘေးကာ မိုးကာတစ်လိပ်ကို ၁၀၀,၀၀၀ ကျော်ပေးရပါတယ်” လို့ ဆိုပါတယ်။
ဆန်သယ်ယူတဲ့အခါမှာ ထိုင်းနိုင်ငံဘက်ခြမ်းနဲ့ ပြည်တွင်းနေရာတချို့ကနေ သယ်ယူနေရသလို လမ်းခရီးမှာလည်း စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ် တစ်ဂိတ်လျှင် ငွေကျပ် ၂,၅၀၀ ပေးဆောင် နေရတာလည်းဖြစ်ပါတယ်။
ဒေသကာကွယ်ရေးပူးပေါင်းတပ်တွေဘက်မှ နယ်မြေအသာစီးရနေပေမယ့်လည်း နှစ်ဖက်ထိတွေ့ တိုက်ပွဲတွေ နေ့စဥ်ဖြစ်ပေါ်နေသလို စစ်ကောင်စီတပ်ဘက်မှလည်း လေကြောင်းတိုက်ခိုက်မှုအပြင် လက်နက်ကြီးကို ပိုမိုအသုံးပြုကာ နေ့စဥ်နဲ့အမျှ ပစ်ခတ်နေတယ်လို့ စစ်ရေးနယ်မြေ သတင်းအရင်းအမြစ်နဲ့ နီးစပ်သူတဦး ထံမှသိရပါတယ်။
“လက်ရှိ စစ်ရေးအခြေအနေကတော့ ဒီဘက်ကနယ်မြေအသာစီးရနေတယ် ဆိုပေမယ့်လည်းပေါ့ နှစ်ဖက်ထိတွေ့ တိုက်ပွဲတွေက ဖြစ်နေတုန်းပါပဲ။ အခုနောက်ပိုင်းမှာ စကစ က လေယာဥ်နဲ့ လာပစ်တာအပြင် လက်နက်ကြီးနဲ့ပါ နေ့တိုင်းလိုလို ပစ်နေတယ်” လို့ ပြောပါတယ်။
ကရင်နီ (ကယား) ပြည်နယ်အတွင်းမှာ စစ်ကောင်စီတပ် တပ်မ(၆၆) တပ်မမှူးကိုင်တိုင် ဦးစီးကွပ်ကဲကာ စစ်ရေး လှုပ်ရှားမှုတွေလုပ်ဆောင်နေသလို လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှု တို့ကို စစ်ကောင်စီတပ်မှ နေ့စဥ်ပစ်ခတ်နေတာလည်းဖြစ်ပါတယ်။
စစ်ကောင်စီတပ်ဘက်မှ ကရင်နီ (ကယား) ပြည်နယ် ၊ ဒီးမော့ဆိုမြို့အရှေ့ဘက်ခြမ်းရှိ ဒေါစဲရွာ ၊ ဒေါတငူးရွာ ၊ တနီးလာလဲ ကျေးရွာများ နဲ့ အနီးတစ်ဝိုက် မှာ (၃) လနီးပါး တပ်စွဲကာ စစ်ကြောင်းများလှုပ်ရှားနေတာ ဖြစ်တယ်လို့ KNDF/B-10 သတင်းနှင့်ပြန်ကြားရေးမှ ထုတ်ပြန်ကြေငြာထားချက်အရ သိရပါတယ်။
သတင်း − မေမီမင်းညို
ဓာတ်ပုံ − CJ
Phar Si Than (People’s Radio Myanmar)