မေလ ၁၇ ရက်၊ ၂၀၂၃ ခုနစ်
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ထားဝယ်အထူးစီးပွားရေးဇုန်အနီး နဘုလယ်ဒေသမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ နှစ်ဖက်စစ်ရေးအခြေအနေပြင်းထန်လာနိုင်တာ ကြောင့် ကျေးရွာ ၇ ရွာက ဒေသခံထောင်နဲ့ချီ စစ်ဘေးရှောင်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မေလ ၁၄ ရက်နေ့ မနက်ပိုင်းက ထားဝယ်အထူးစီးပွားရေးဇုန်အနီးရှိ စစ်ကောင်စီတပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်တွေက ဝင်ရောက်တိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်က အထိနာတာကြောင့် စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးသီး ၃ လုံး ကြဲချတိုက်ခိုက်ခဲ့ပါတယ်။ မေလ ၁၅ ရက်နဲ့ ၁၆ ရက်နေ့ တွေမှာလည်း လေကြောင်းအပါအဝင် မြေပြင်စစ်ကြောင်းပါထိုးနေတာကြောင့် နေအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတာ ဖြစ်တယ်လို့ ဒေသခံကဆိုပါတယ်။
မေလ ၁၆ ရက်နေ့ မနက်ပိုင်းမှာ မူးဒူးရွာထဲကို စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးဝင်ရောက်လာပြီး နေ့လည် ၂ နာရီနဲ့ ၃ နာရီ ဝန်းကျင်လောက်မှာတော့ စစ်ကောင်စီတပ်က ၃ ကြိမ်လောက် ကင်းထောက်လေယာဉ်တွေပျံဝဲလျက်ရှိတယ်လို့ ဒေသခံကတစ်ဦး ကပြောပါတယ်။
“စစ်တပ်တွေရွာထဲဝင်ပြီး သောင်းကြမ်းတော့မယ်တို့ စစ်လေယာဉ်နဲ့ ဗုံးကြဲတော့မှာတို့ ဘယ်က နေရမှန်းမသိတဲ့ သတင်းတွေကြားပြီးပြေးနေကြတာ။ နေ့လည်ကတည်းက စစ်လေယာဉ်တွေတော့ ခဏခဏဝဲကြတယ်” လို့ သူကပြောပါတယ်။
အဓိက စစ်ဘေးရှောင်နေရတဲ့ ရွာတွေက ရေဖြူမြို့နယ်ထဲရှိ မူးဒူးရွာ၊ ဘဝါရွာ၊ နဘုလယ်ရွာ၊ ဝက်ချောင်းရွာ၊ ပုဂေါဇွန်းရွာ၊ ဧကနိရွာ၊ ခမောင်းချောင်းရွာ စတဲ့ရွာတွေက ဒေသခံတွေဖြစ်ပါတယ်။
စစ်ဘေးရှောင်တွေက ထားဝယ်မြို့ပေါ်ရှိ နီးစပ်ရာဆွေမျိုးတွေနဲ့ နီးစပ်ရာရွာတွေ၊ တောတောင်တွေနဲ့ ဥယျာဉ်ခြံတွေထဲကို တိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေကပြောပါတယ်။
“တချို့လူတွေ ရွာကိုပြန်လာကြပြီ။ နေ့လည်ပိုင်းမှာ လေယာဉ်က ခဏခဏဝဲတော့ ကြောက်ပြီးပြန်ပြေးကြတာ။ ဗုံးကြဲမယ်ဆိုပြီး အသံတွေကလည်းထွက်နေကြာတာ” လို့ သူက ပြောပါတယ်။
ရေဖြူမြို့နယ်ဟာ ကျေးရွာအုပ်စုပေါင်း ၂၇ အုပ်စုနဲ့ ရပ်ကွက်စုစုပေါင်း ၄ ရပ်ကွက် ရှိတဲ့ မြို့နယ်တခုဖြစ်ပြီး အရင်က စစ်ဘေးရှောင်မရှိတဲ့ ရေဖြူမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် ဒေသခံထောင်နဲ့ချီ စစ်ဘေးရှောင်နေကြရပါတယ်။
သတင်း – နော်အယ်နီး
ဓါတ်ပုံ – CJ
Phar Si Than (People’s Radio Myanmar)