မေလ ၁၇ ရက်၊ ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နဲ့ အနီးနားကျေးရွာတွေဘက်မှာ စစ်ကောင်စီတပ်က ဆန်သယ်ယူခွင့်တွေကို အကန့်အသတ်နဲ့သာ သယ်ခွင့်ပြုတယ်လို့ ကော့ကရိတ်မြို့ ဒေသခံတွေဆီက သိရပါတယ်။
စစ်ကောင်စီတပ်က ကော့ကရိတ်မြို့အနီးတစ်ဝိုက်ကျေးရွာလမ်းတွေဖြစ်တဲ့ ကမိုင်ကုန်းလမ်း၊ လောင်းကိုင် ဖားကျရွာလမ်းနဲ့ တောင်ကြာအင်းလမ်းတွေကို ဘူဒိုဇာနဲ့ ဖျက်ဆီးခဲ့ပြီးတဲ့နောက်ပိုင်းမှာ အခုလို ဆန်သယ်ယူခွင့်ကို ကန့်သတ်လိုက်တာဖြစ်ပါတယ်။
စစ်ကောင်စီတပ်က ကျေးရွာတွေဆီကနေ ကော့ကရိတ်မြို့ကို ဆန် ၅ အိတ်ထက်ပိုပြီး သယ်ယူခွင့်မပေးဘဲ ပိုပြီးသယ်ဆောင်ပါက ဖမ်းဆီးမယ်ဆိုပြီး ကြော်ငြာထားတယ်လို့ ကော့ကရိတ်မြို့ ဒေသခံတွေက ပြောပါတယ်။
ကော့ကရိတ်မြို့ဒေသခံတစ်ဦးက “လွန်ခဲ့တဲ့ ၁ ပတ် မြို့ထဲမှာ ဝင်ဖမ်းပြီးတဲ့နောက်ပိုင်းမှာ ကော့ကရိတ်မြို့ကို ရိက္ခာဖြတ်မယ်ဆိုတဲ့သတင်းတွေထွက်လာတယ်၊ ပြီးတော့ လမ်းတွေကို လိုက်ဖြတ် တယ်၊ အခုဆိုရင် ကော့ကရိတ်မှာ အဝင်အထွက်လမ်း လှိုင်ဝလမ်းဘဲရှိတော့တယ်၊ ဆိုင်ကယ်ကတွေက ကြိုက်တဲ့လမ်းက ဝင်လို့ရတယ်၊ အဲ့ဒီ လမ်းတွေမှာ အစစ်အဆေးတွေလည်းများတယ်၊ ဆန်ကိုလည်း ၅ အိတ်ထက် ပိုပေးမသယ်ဘူး၊ ၅ အိတ်ထက်ပိုပြီးသယ်ရင် ဖမ်းမယ်လို့ ကြော်ငြာထားတယ်၊ ကျန်တာတွေတော့ မဖမ်းဘူး၊ အဓိကကဆန်ဘဲ”လို့ ပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်တွေက ကော့ကရိတ်မြို့ အဝင်အထွက်နေရာတွေမှာ အစစ်အဆေးတင်းကြပ် နေတဲ့အပြင် ကော့ကရိတ်မြို့ထဲမှာလည်း ဆန်စျေးတွေ မြင့်တက်နေတယ်လို့ ကော့ကရိတ်မြို့ ဒေသခံတွေကပြောပါတယ်။
“ဆိုင်ကယ်တွေက စစ်တော့စစ်တယ် ဗောက်ဖွင့်စစ်တာတွေလောက်ဘဲရှိတယ်၊ ကားတွေကျတော့ ဖုန်းတွေလည်းစစ်တယ်၊ ကားထဲမှာ ဘာတွေပါလဲဆိုတာတွေစစ်တယ်၊ ဆန်သယ်တာလည်း အများကြီးမသယ်ဖို့ပြောသေးတယ်၊ အခုချိန်ကော့ကရိတ်ထဲမှာ ဆန်တွေက စျေးတက်နေတာ၊ ဆန်ကြမ်းကိုဘဲ ၁ ပြည် ၃ ထောင်ကျော်နေပြီး၊ အခုဆန်တွေပေးမသယ်တော့ ကြာရင်ဆန်စျေးတွေ ပိုတက်လာတော့မှာ” လို့ကော့ကရိတ်မြို့ ဒေသခံတစ်ဦးက ဆက်ပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်က ကော့ကရိတ်မြို့အနီးတစ်ဝိုက်က ကျေးရွာလမ်းတွေကို ဖျက်ထားတာကြောင့် ကုန်စည်ဆီးစင်းမှုတွေနှောက်နှေးနေတယ်လို့ ကော့ကရိတ်မြို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိအချိန်မှာ စစ်ကောင်စီတပ်ဟာ ကော့ကရိတ်မြို့အဝင်အထွက်နေရာတွေမှာ အစစ်အဆေးတွေ တင်းကြပ်နေတဲ့အပြင် ကော့ကရိတ်မြို့အနီးတစ်ဝိုက် ကျေးရွာတွေဘက်ကိုလည်း လက်နက်ကြီးနဲ့ ညတိုင်းနီးပါး ပစ်ခတ်နေတာကြောင့် ဒေသခံနေအိမ် ထိခိုက်ပျက်စီးမှုတွေ ရှိနေတာလည်း ဖြစ်ပါတယ်။
သတင်း – ကိုဖြိုး
ဓါတ်ပုံ – CJ
Phar Si Than (People’s Radio Myanmar)