မေလ ၁၆ ရက်၊ ၂၀၂၃ခုနစ်
စစ်ကောင်စီတပ်က လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်ပြီး တစ်ရက်အကြာမှာတော့ မေလ ၁၅ ရက်နေ့နဲ့ ၁၆ရက်နေ့တို့မှာ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ နဘုလယ်ဒေသ ထားဝယ်အထူးစီးပွားရေးဇုန် အနီးတဝိုက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်စခန်းများကို ကုန်းကြောင်းနဲ့သာမက လေကြောင်းကပါ ထောက်လှမ်းရှာဖွေနေတယ်လို့ ဒေသခံတွေကပြောပါတယ်။
မေလ ၁၆ ရက်နေ့ ဒီနေ့မနက်ပိုင်းမှာ စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့် နဘုလယ်ဒေသရှိ မူးဒူးရွာကို စစ်ကြောင်းထိုးဝင်ရောက်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရှိတယ်ဆိုတဲ့အထင်နဲ့ ရွာထဲကို ဝင်ရောက်ပြီး မွှေနှောက်ရှာဖွေနေတယ်လို့သိရပါတယ်။ ဒါအပြင် မေလ ၁၅ ရက်နေ့ မနက်ပိုင်းမှာလည်း စစ်ကောင်စီတပ်က ယမင်းကြီးရွာထဲကို ကုန်းကြောင်းက အင်အားအများအပြားဖြင့်ဝင်ရောက်လာပြီး စစ်ကြောင်းဝင်လာလို့ ထွက်ပြေးတိမ်းရှောင်သွားတဲ့ ဒေသခံ အမျိုးသား ၄ ဦးထက်မနည်း အဖမ်းခံရပြီး ဒေသခံတွေကို ရိုက်နှက်နှိပ်စက်တာတွေအပြင် ဒေသခံတွေရဲ့ ငွေသားအချို့နဲ့ ဖုန်းတွေကိုလည်း ယူဆောင်သွားတယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။
“အခုစစ်သားတွေက မူးဒူးရွာထဲမှာအများကြီးဘဲ့။ သူတို့က ရွာထဲဝင်ပြီး လျှောက်မွှေနေကြတာ။ မူးဒူးမှာ pdfတွေရှိတယ်ထင်လို့ ဝင်မွှေနေတာ။ အရင်နေ့ကလည်း ယမင်းကြီးဘုရားပေါ်မှာ သွားရှောင်နေတဲ့ ရွာသား ၄၊၅ ယောက်လောက်ကိုဖမ်းတယ်။ ရိုက်ပြီးနေပူလှမ်းတယ်။ အခုက ပြန်လွှတ်ပေးလိုက်ပြီ။ အဖမ်းခံရတဲ့သူတွေမှာ ဖုန်းတွေအကုန်ပါသွားတယ်။ ပိုက်ဆံတွေလည်းပါတယ်” လို့သူကပြောပါတယ်။
မေလ ၁၅ ရက်နေ့မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ရဟတ်ယာဉ်နဲ့ ပြည်သူ့ကာကွယ်ရေး တပ်စခန်းတွေကို လိုက်လံရှာဖွေထောက်လှမ်းနေတယ်လို့သိရပါတယ်။
“ပျံသွားတာက နိမ့်နိမ့်လေးဘဲ။ အောက်နေကြည့်လိုက်ရင် စစ်သားတွေကိုပါမြင်နေရတာ” လို့ ဒေသခံတစ်ဦးကပြောပါတယ်။
စစ်ကောင်စီတပ်က ပြည်သူ့ကာကွယ်ရေးတပ်တွေကို ကုန်းကြောင်းရော လေကြောင်းကပါ ရှာဖွေနေပေမယ့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီး အခုလက်ရှိမှာတော့ လုံခြုံတဲ့နေရာကိုရောက်ရှိသွားပြီလို့ အမည်မဖော်လိုတဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
“အခြေအနေက စိတ်ချလို့မရသေးပေမယ့် ကျနော်တို့က အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်။ ရဲဘော်တွေအကုန်လုံးဘေးကင်းလုံခြုံတဲ့နေရာ ရောက်နေကြပါပြီ”လို့ သူကပြောပါတယ်။
ထားဝယ်အထူးစီးပွားရေးဇုန်အနီး ရေနက်ဆိပ်ကမ်းရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို မေလ ၁၄ ရက်နေ့က ပြည်သူ့ကာကွယ်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ မနက် ၅နာရီခွဲအချိန်လောက်ကစပြီး ကိုးနာရီအထိ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုအပြင်းအထန်ဖြစ်ပွားခဲ့ပြီး ပစ်ခတ်ချိန် ၃နာရီကျော် ကြာမြင့်ခဲ့ပါတယ်။ ထိတွေ့ပစ်ခိုက်မှုအပြီး စစ်ကောင်စီဘက်က လေကြောင်းနဲ့ ပြန်လည် တိုက်ခိုက်ခဲ့ တာပါ။
လေကြောင်းတိုက်ခိုက်မှုကြောင့် ထွက်ပြေးတိမ်းရှောင်နေကြတဲ့ဒေသခံအချို့မှာ မနေ့က နေအိမ်သို့ ပြန်ရောက်လာကြပေမယ့် စစ်ကောင်စီတပ်တွေက ယမင်းကြီးရွာနဲ့ မူဒူးရွာတွေဘက်ကို စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့် နီးစပ်ရာရွာတွေနဲ့ တောတောင်တွေထဲကို ပြန်လည်ထွက်ပြေးတိမ်းရှောင်နေကြရပြီး အခုလက်ရှိမှာ အခြေအနေတွေတင်းမာနေတယ်လို့ နယ်မြေခံသတင်းအရင်းအမြစ်တွေအရ သိရပါတယ်။
သတင်း – နော်အယ်နီး
Photo – Social Media
Phar Si Than (People’s Radio Myanmar)