မေလ ၁၆ ရက်၊ ၂၀၂၃ ခုနှစ်
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်ရှိကျေးရွာတွေကို ခြေကုပ်ယူဖို့ကြိုးစားနေတဲ့ စစ်ကောင်စီတပ်ကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေက ဒရုန်းနဲ့ကင်းထောက်ပြီး လက်လုပ်ဗုံးတွေနဲ့ သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ People’s Defence Force T-1 က မေလ ၁၅ ရက်နေ့မှာ သတင်းထုတ်ပြန်လာပါတယ်။
ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာနဲ့ ဇဟာကျေးရွာကြားမှာရှိတဲ့ ဥယျာဥ်ခြံတွေမှာ တပ်ဖြန့်ပြီး ခြေကုပ်ယူဖို့ကြိုးစားနေတဲ့ စစ်ကောင်စီတပ်ကို မေလ ၁၂ ရက်နေ့ ညနေ ၅ နာရီအချိန်လောက်က ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ထားဝယ်ခရိုင် တပ်ရင်း(၁) က တပ်ခွဲ(၂) စစ်ကြောင်းနဲ့ ဥသြစစ်ကြောင်းတို့ပူးပေါင်းပြီး လက်လုပ် ၄၀ မမ၊ ၆၀ မမတို့နဲ့ အချက် ၅၀ လောက် သွားရောက်ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
“ရွာသားတွေရဲ့ပြောပြချင်အရနဲ့ ကျွန်တော်တို့ ကင်းထောက်တွေကနေတစ်ဆင့် ၁၈ ယောက်သေတယ် ဆိုတာကို သိရတယ်ဗျ၊ သူတို့တွေက အဓိက ခမရ ၄၀၂ ကနေပါတယ်၊ အမတ ၃၀၂ ကနေလည်းပါတယ်၊ သူတို့က နှစ်တပ်ပေါင်းပြီးတော့ မောင်မရှောင်နားမှာ စခန်းဆောက်ပြီး ကာကွယ်ရေးယူဖို့ လုပ်နေတယ်” လို့ Dawei Collctive Column က ပြန်ကြားရေးတာဝန်ခံတစ်ဦးက ပြောပါတယ်။
အခုလိုတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်က ၁၈ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ပေမဲ့ ပြည်သူ့ကာကွယ်ရေးဘက်က အထိအခိုက်မရှိဘဲ အောင်မြင်စွာ ပြန်လည်ဆုပ်ခွာလာနိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်အရသိရပါတယ်။
မနေ့ မေလ ၁၅ ရက်နေ့ကလည်း ပကာရီကျေးရွာက ပကာရီရဲစခန်းကို Dawei Collctive Column က ရဲဘော်တွေ ၆၀ မမ နဲ့ ၁၀ မိနစ်ခန့် သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ လကုန်ပိုင်းလောက်မှာ စစ်ကောင်စီတပ်လက်အောက်ခံ ဘုရားမဲ စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးအင်အားစုတွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း စစ်ကောင်စီတပ်တွေက မောင်မယ်ရှောင်ကျေးရွာနဲ့ အနီးတစ်ဝိုက် လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေကိုပြုလုပ်ခဲ့ပါတယ်။
လက်ရှိအချိန် ထားဝယ်မြို့နယ်မှာ အာဏာသိမ်းစစ်ကောင်စီတပ်တွေက မြို့ပေါ်ရပ်ကွက်တွေကို ရှောင်တခင်ဝင်ရောက်စစ်ဆေးတာတွေ ပြုလုပ်နေပြီး ဒေသခံတွေဆီကနေ အကြောင်းအမျိုးမျိုးပြကာ ငွေညစ်တာတွေကို ပြုလုပ်နေတယ်လို့ ဒေသတွင်းသတင်းအရင်းမြစ်တွေဆီက သိရပါတယ်။
သတင်း -ကိုဖြိုး
ဓာတ်ပုံ – People’s Defence Force T-1
Phar Si Than (People’s Radio Myanmar)