သထုံစုပေါင်းရုံး ရှေ့တိုက်ဒုံးနဲ့ တိုက်ခိုက်ခံရ
မော်လမြိုင်၊ မေ၊ ၁၅
မွန်ပြည်နယ်၊ သထုံမြို့နယ် မြို့နယ်စုပေါင်းရုံး ဒီကနေ့ မွန်းလွဲပိုင်းက ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခံခဲ့ရတယ်လို့ မြို့ခံတွေထံမှ သိရပါတယ်။
နန်းခဲရပ်ကွက်၊ လေယာဉ်ကွင်းဟောင်းအနီးမှာ ရှိတဲ့ စုပေါင်းရုံးကို အမည်မသိလူတစ်စု ရှော့တိုက်ဒုံးနှစ်လုံး ပစ်ခတ် တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
“ ရုံးကို မထိသွားဘူးလို့ သိရတယ်၊ နှစ်လုံးပါ၊ ဓါတ်တိုင်ကို ထိသွားတယ်၊ ဘာမှတော့ မဖြစ်ပေမယ့်၊ အဲမှာရှိနေတဲ့ ဝန်ထမ်းတွေကတော့ နည်းနည်းကြောက်သွားကြတာပေါ့။” လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
ပစ်ခတ်လိုက်တဲ့ ရှော့တိုက်ဒုံးတွေ စုပေါင်းရုံးအရှေ့က ဓါတ်မီးတိုင်ကို ထိပြီး တစ်လုံးပေါက်ကွဲသွားသလို နောက်တစ်လုံးက ယင်းအနီးမှာပင် ထပ်မံပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။
ပြည်သူတွေကို တနေရာထဲမှာ ဝန်ဆောင်မှုပေးနိုင်ဖို့အတွက် ဌာနအလိုက်စုပေါင်းဖွင့်လှစ်ထားတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ် ဧပြီလမှာလည်း သထုံမြို့နယ်စုပေါင်းရုံးမှာရှိတဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးအတွက် လက်ဆောင်ဟုဆိုကာ ဆန်အိတ်အတွင်းဗုံးထည့်ပြီး ပို့ဆောင်ပေးရာမှာ လက်ဆောင်ဆန်အိတ်အတွင်းဗုံးပေါက်ကွဲမှုဖြစ်ရာမှာ ရဲတပ်ဖွဲ့ဝင်နှစ်ဦး ဒဏ်ရာရကာ အဆောက်အဦတချို့လည်း ပျက်စီးခဲ့ပါသေးတယ်။
ဓါတ်ပုံ – တပ်ထောက်ခံတယ်လီဂရမ်