မေလ ၁၅ ရက်၊ ၂၀၂၃ ခုနှစ်
တနင်္သါရီတိုင်း၊ထားဝယ်ခရိုင်၊ထားဝယ်မြို့နယ်၊ပကာရီကျေးရွာအတွင်းကစစ်ကောင်စီတပ်သတင်းပေးနေသူတစ်ဦးကို ပြည့်ကာကွယ်ရေးတပ်ဖွဲ့တွေကပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ Dawei Collective Columnက မေလ၁၅ရက်နေ့မှာသတင်းထုတ်ပြန်ခဲ့ပါတယ်။
မေလ၁၄ ရက်နေ့ နေ့လည် ၂နာရီ ၃၀မိနစ်အချိန်ခန့်မှာစစ်ကောင်စီတပ်သတင်းပေးနေသူ တစ်ဦးကိုပကာရီကျေးရွာအတွင်းကတောတွင်းတစ်နေရာမှာပုန်းရှောင်နေစဥ်စစ်ဆေးဖမ်းဆီးကာ ပစ်ခတ်ရှင်းခဲ့တာဖြစ်တယ်လို့ Dawei Collective Columnရဲ့သတင်းနဲ့ပြန်ကြားရေးတာဝန်ခံတစ်ဦးကပြောပါတယ်။
“မနေ့က စကစအင်အားအများအပြားကို မြေတင်ကား၃စီးနဲ့ ပကာရီဖက်မှာ ထားဝယ်ကနေလာကြိုသွားပါတယ်စကစတွေမရှိတော့ သူလည်းတောထဲသွားပုန်းနေတာ၊သူတောထဲမှာ ပုန်းနေတုန်း ဖမ်းမိတာပါ သူကရွာထဲကိုစစ်သားတွေလာရင် အဲ့ဒီစစ်သားတွေနဲ့တူတူလိုက်တာပေါ့၊ရွာထဲမှာနေပြီး သတင်းပေးနေတဲ့သူ”လို့သူကပြောပါတယ်။
ပစ်သတ်ခံရသူမှာ အသက် ၂၇ နှစ်ဝန်းကျင်အရွယ် ကိုနေမင်း (ခ)ခေါင်းကီးဆိုသူဖြစ်ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေနဲ့ပူးပေါင်းကာ ဒေသခံပြည်သူတွေမှ ဆပ်ကြေးတောင်းခံတာ၊ PDFစခန်းတွေကို လမ်းပြပေးတာတွေအပြင် စစ်ကောင်စီတပ်စစ်ကြောင်းရိက္ခာပို့ဆောင်တဲ့အခါမှာလည်းပါဝင်တာကြောင့် အခုလိုပစ်ခတ်ရှင်းလင်းခဲ့တာဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။
“စကစနဲ့ပေါင်းပြီး ပြည်သူတွေမှာ စစ်ကြေစတောင်းတာ၊ PDFစခန်းတွေကို လမ်းပြပေးတာ ၊ ရိက္ခာပို့စစ်ကြောင်းတွေမှာ သူပါတာ၊ သူ့ကြောင့် ဖမ်းခံရသူတွေလည်းမနည်းပါဘူး၊ တိုင်ချက်တွေ အများကြီးပါ” လို့ သူကပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၂၃ ရက်နေ့ကလဲ ပကာရီကျေးရွာအုပ်စု မဲချောင်းကျေးရွာအနီးမှာ တပ်စွဲဂိတ်ချထားတဲ့ စစ်ကောင်စီတပ်စခန်းငယ်က စစ်ကောင်စီတပ်သားတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ နှစ်ဖက်အပြန်လှန် ပစ်ခတ်မှုထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
ပကာရီကျေးရွာမှာလည်း စစ်ကောင်စီတပ်ဖွဲ့ရဲ့ ရဲကင်းစခန်းရှိတာကြောင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်သားတွေ မကြာခဏဆိုသလို ထိတွေ့ပစ်ခတ်မှုတွေဖြစ်ပွားတဲ့နေရာလည်း ဖြစ်ပါတယ်။
သတင်း – နော်ဖူးဖူး
ဓါတ်ပုံ – Soclial Media
Phar Si Than (People’s Radio Myanmar)