မေလ ၁၅ရက် ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နဲ့ ကြာအင်းဆိပ်ကြီးမြို့ကို ဆက်သွယ်ထားတဲ့လမ်းပိုင်းကို စစ်ကောင်စီတပ်က ဖျက်ဆီးထားတာကြောင့် ကော့ကရိတ်မြို့နဲ့ အနီးပတ်ဝန်းကျင်ကျေးရွာတွေက ဒေသခံတွေ သွားလာရေးနဲ့ စားဝတ်နေရေးအခက်အခဲတွေရင်ဆိုင်နေရတယ်လို့ ကော့ကရိတ်မြို့ ဒေသခံတွေကပြောပါတယ်။
ကော့ကရိတ်မြို့နဲ့ ကြာအင်းဆိပ်ကြီးမြို့ကိုဆက်သွယ်ထားတဲ့ တောင်ကြာအင်းကျေးရွာလမ်းပိုင်းကို မေလ ၁၄ ရက်နေ့ မနက် ၁၀ နာရီလောက်က စကခ ၁၉ လက်အောက်ခံ ခလရ ၃၄၃ တပ်က အင်အား ၅၀ လောက်နဲ့ ဘူဒိုဇာထိုးပြီး ဖျက်ဆီးခဲ့တာ ဖြစ်ပါတယ်။
အခုလို တောင်ကြာအင်းကျေးရွာလမ်းကို ဖျက်ဆီးခံရတာကြောင့် ကော့ကရိတ်မြို့ ၊ ကျုံဒိုးမြို့နဲ့ အနီးနားကျေးရွာတွေဘက်က ဒေသခံတွေမှာ စားဝတ်နေရေးအခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“အခုက အဲ့ဒီလမ်းကို ဖျက်ဆီးထားတော့ ရွာဘက်က ဟင်းသီးဟင်းရွက်တွေ ပို့လို့မရတော့ဘူးပေါ့၊ အဲ့လိုလမ်းတွေ ပိတ်ထားတော့ ပုံမှန်မြို့ထဲကို ဒူးရင်းသီးတို့ ကြက်မောက်သီးတို့ပို့တဲ့လူတွေ ရွာဘက်ကနေ ဟင်းသီးဟင်းရွက်ပို့တဲ့လူတွေ မပို့ရဘူး၊ အဲ့ဒီတော့ စီးပွားရေးထိခိုက်တာပေါ့၊ ပြီးတော့ မြဝတီက ကုန်ကားတွေ ဒီဘက်လာလို့မရတော့ ဓာတ်ဆီတွေ စျေးတက်လာတော့မှာ၊ ရွာထဲက ကုန်စုံဆိုင်တွေမှာလည်း Wave money တွေထုတ်လို့မရတော့ဘူး၊ မြို့ပေါ်လည်းတက်ပြီး ထုတ်လို့မရတော့ ဒုက္ခရောက်တယ်” လို့ တောင်ကြာအင်းကျေးရွာမှာနေထိုင်သူတစ်ဦးက ပြောပါတယ်။
အခုလို လမ်းတွေဖျက်ဆီးခံထားရတာကြောင့် ကော့ကရိတ်မြို့ထဲကို ကျေးရွာတွေဘက်က ဟင်းသီးဟင်းရွက်တွေနဲ့ ဆန်တွေလာပို့လို့ မရတော့ဘဲ ကုန်စျေးနှုန်းတက်တာတွေ ဖြစ်ပေါ်လာနိုင်တယ်လို့ ကော့ကရိတ်မြို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“အခုလမ်းတွေပိတ်ထားတယ်၊ အဲ့ဒီတော့ ဟင်းသီးဟင်းသီး ပို့မရတော့ဘူး၊ ဆန်တွေလည်း ပို့မရတော့ဘူး၊ မြို့ထဲမှာက ရွာတွေဘက်ကလာတဲ့ လယ်ဆန်တွေကိုအဓိကစားကြတယ်၊ အခုတောင် လယ်ဆန်တစ်ပြည်ကို ၃ထောင်ကျော်နေပြီး၊ လမ်းပိတ်တာကြာရင် စျေးတွေလည်း ပိုတက်လာနိုင်တယ်” လို့ ကော့ကရိတ်မြို့ ဒေသခံတစ်ဦးက ပြောပါတယ်။
လက်ရှိအချိန်မှာ စစ်ကောင်စီတပ်က ကော့ကရိတ်မြို့တောင်ပိုင်းမှာရှိတဲ့ တောင်ကြာအင်းလမ်း၊ ကမိုင်ကုန်းလမ်းနဲ လောင်းကိုင် ဖားကျရွာဘက် သွားတဲ့လမ်းတွေကို ဖျက်ဆီးထားတယ်လို့ ကော့ကရိတ်မြို့ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်က ကော့ကရိတ်မြို့နဲ့ အနီးနားကျေးရွာတွေဘက်ကို လက်နက်ကြီးနဲ့ ညတိုင်းပစ်ခတ်နေတယ်လို့ ကော့ကရိတ်မြို့ဒေသခံတွေက ဆိုပါတယ်။
“အခုအခြေနေက ကော့ကရိတ်တောင်ပိုင်းကို လက်နက်ကြီးတွေနဲ့ တစ်ချိန်လုံးပစ်နေတယ်၊ ရွာတွေဘက်ကိုလည်း စစ်ကြောင်းထိုးနေတယ်၊ လမ်းတွေဖျက်ထားတော့ ပြည်သူတွေ ဒုက္ခရောက်တာပေါ့၊ မနေ့ကအထိတော့ တောင်ကြာအင်းဘက်မှာ ကင်းပုန်းတွေထားထားတယ်၊ ဒီနေ့ကတော့ စစ်တပ်နားတွေကို ကင်းပုန်းတွေပြန်ရွှေ့သွားတယ်” လို့ ကော့ကရိတ်မြို့ဒေသခံတစ်ဦးက ဆိုပါတယ်။
စစ်ကောင်စီတပ်က ကော့ကရိတ်မြို့နဲ့ ကြာအင်းဆိပ်ကြီးမြို့ကို ဆက်သွယ်ထားတဲ့ လမ်းပိုင်းရှိ ဟောင်သရောမြစ်ကူးတံတားကို မေလ ၆ ရက်နေ့က အသွားအလာပိတ်ဆို့ထားတာဖြစ်ပြီး မေလ ၁၄ ရက်နေ့မှာအဲ့ဒီလမ်းပိုင်းကို ဖျက်ဆီးထားတာ ဖြစ်ပါတယ်။
သတင်း- ကိုဖြိုး
ဓာတ်ပုံ-CJ
Phar Si Than (People’s Radio Myanmar)