
မေလ ၁၃ ရက်၊ ၂၀၂၃ ခုနှစ်
တနင်္သာရီတိုင်း၊ မြိတ်-တနင်္သါရီလမ်းမကြီးကိုသတ်မှတ်ထားတဲ့အချိန်ကျော်လွန်ပြီး ဖြတ်သန်းသွားလာခြင်းမပြုလုပ်ကြဖို့ကို မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က မေလ ၁၁ ရက်နေ့မှာထုတ်ပြန်ထားပါတယ်။
မြိတ်-တနင်္သာရီကားလမ်းမကြီးကို မေလ ၁၂ ရက်နေ့ကနေစပြီး ည ၈ နာရီကနေ မနက် ၅ နာရီအချိန်ထိဖြတ်သန်းသွားလာတာမျိုးမပြုလုပ်ကြဖို့နဲ့ စစ်ကောင်စီတပ်သားတွေက အရပ်သားပြည်သူကားတွေကိုအသုံးပြုကာ ရိက္ခာတင်ပို့နေတာရှိသလို ခရီးသည်တင်ကား၊ ကုန်ကားတွေကိုအသုံးပြုပြီး စစ်ကောင်စီတပ်ယာဥ်တန်းသွားလာတာတွေပြုလုပ်နေတာကြောင့် အခုလိုထုတ်ပြန်ရတာဖြစ်တယ်လို့ မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲ့သတင်းနဲ့ပြန်ကြားရေးတာဝန်ခံတစ်ဦးကပြောပါတယ်။
“စကစတွေလှုပ်ရှားနေတာက အရပ်သားကားတွေလည်းပါပါတယ် အပုံမှားရိုက်ပြီးတက်ကြတယ် စကစဖက်ကနေပြီး အရပ်သားကားတွေကိုအသုံးပြုပြီးရိက္ခာတင်ပို့နေတာရှိတယ်ခရီးသည်ကား၊ ကုန်ကားကိုကာဗာယူပြီးယာဉ်တန်းတက်လာတာလည်းရှိပါတယ်ဒါကြောင့်”လို့ သူကပြောပါတယ်။
အဲ့ဒီလမ်းပိုင်းကိုဖြတ်သန်းသွားလာအသုံးပြုတဲ့အခါမှာလည်း ခရီးယာဥ်တွေအနေနဲ့ ကားမှန်ချပြီးမောင်းနှင်တာမျိုးပြုလုပ်ပေးကြဖို့နဲ့ ကုန်တင်ယာဥ်တွေမှာလဲ အမိုးတာလပါတ်အုပ်ပြီး မောင်းနှင်တာမျိုးမလုပ်ကြဖို့ကိုသူကဆက်ပြောပါတယ်။
အခုလိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ အသွားအလာကန့်သတ်တာမျိုးမရှိချိန်ကတည်းက ပြိီးခဲ့တဲ့ ဒီဇင်ဘာလလောက်မှာ မြိတ် -တနင်္သာရီလမ်းပိုင်းကို ည ၈ နာရီကနေ မနက် ၆ နာရီအထိ စစ်ကောင်စီတပ်သားတွေ ဖြတ်သန်းသွားလာခွင့်မပြုတာဖြစ်တယ်လို့ မြိတ်-တနင်္သါရီလမ်းပိုင်းမှာ ယာဥ်မောင်းနေသူတစ်ဦးကပြောပါတယ်။
“လွန်ခဲ့တဲ့ ၅ လလောက်ကတည်းက တပ်က မနက် ၆ နာရီမှ လမ်းဖွင့်တယ် ၈ နာရီဆိုပိတ်ပြီး၊ အခု မြိတ်နဲ့ တနင်္သာရီလမ်းမှာက သတင်းရရင် ဆွဲစိတာစစ်တပ်က၊ အခုလိုအဖွဲ့တွေစာထပ်ထုတ်လိုက်တာ လက်ခံတယ် ကောင်းတယ်လို့ပြောရမယ်သူတို့က သူတို့လှုပ်ရှားချိန် တိုက်ပွဲတွေဖြစ်တဲ့အချိန်မှာ ပြည်သူတွေထိမှာကြောက်လို့ သတိပေးနှိုးဆော်တာ”လို့ သူကပြောပါတယ်။
မြိတ်-တနင်္သာရီပြည်ထောင်စုလမ်းမကြီးကို တနင်္သာရီမြို့နယ်ပကဖအဖွဲ့၊ တောဗုံးကြီးအဖွဲ့၊SWDF အဖွဲ့၊ ဘက်မလိုက်ပြောက်ကျားအဖွဲ့တွေက အဓိကပူးပေါင်းစစ်ဆေးလှုပ်ရှားနေတာဖြစ်တယ်လို့ဆိုပါတယ်။
အခုလိုသတိပေးထုတ်ပြန်တားမြစ်ချက်ကိုလိုက်နာတာမျိုးမရှိပဲ ဖြတ်သန်းသွားလာတာမျိုးပြုပါကထိခိုက်ပျက်စီးတာမျိုးရှိလာရင်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဘက်မှ တာဝန်ယူမှာမဟုတ်ကြောင်းနဲ့ ယခုထုတ်ပြန်ချက်ကိုလဲ နောက်ကြေငြာချက်မထုတ်ပြန်ချိန်အထိ ပြောင်းလဲသတ်မှတ်သွားမှာမဟုတ်ဘူးလို့ ထုတ်ပြန်ချက်မှာရေးသားဖော်ပြထားပါတယ်။
သတင်း – နော်ဖူးဖူး
ဓါတ်ပုံ – CJ
Phar SI Than (People’s Radio Myanmar)