
မေလ ၁၃ရက်၊ ၂၀၂၃ခုနှစ်
ကရင်ပြည်နယ်၊ မြဝတီမြို့ ကုန်သွယ်ရေးဇုန်ကို ပြီးခဲ့တဲ့ မတ်လ ၂၅ရက်နေ့က KNLA ပူးပေါင်းတပ်ဖွဲ့တွေဝင်ရောက်တိုက်ခဲ့ပြီး နောက်ပိုင်းမှာ အစစ်အဆေးတွေ ပိုမိုတင်းကြပ်လာတဲ့အပြင် ဖြတ်သန်းသွားလာနေတဲ့ ယာဉ်တွေဆီကနေ ပိုက်ဆံကောက်ခံတာတွေကို ပြုလုပ်နေတယ်လို့ မြဝတီမြို့ ဒေသခံတွေက ပြောပါတယ်။
မြဝတီကုန်သွယ်ရေးဇုန်မှာ စစ်ကောင်စီတပ်နဲ့ နယ်ခြားစောင့်တပ် BGF တပ်တွေက တပ်စွဲထားပြီး ဖြတ်သွားသမျှကားတွေကို စစ်ဆေးမေးမြန်းတာတွေကို ပြုလုပ်နေတယ်လို့ မြဝတီမြို့ ဒေသခံတစ်ဦးက အခုလို ပြောပါတယ်။
“ ဇုန်အပြင်ဘက်မှာက BGF တွေရှိတယ်၊ ဇုန်ထဲမှာက စစ်တပ်လည်းရှိတယ်၊ ကာစတန်တွေလည်းရှိတယ်၊ ရဲတွေလည်းရှိတယ်၊အဖွဲ့စုံဘဲ ၊ အခုက ဖြတ်သမျှကားတွေကို ဇုန်ထဲကနေဖြတ်ခိုင်းပြီးစစ်တာ၊ ဂိတ်ကတော့ ၄ ဂိတ်လောက်ရှိတယ်၊ အိမ်စီးကားတွေကော ၊ ကုန်တင်ကားတွေကော အကုန်စစ်တယ်၊ ဘယ်သွားမလဲ၊ ဘာသွားလုပ်မလဲဆိုပြီးမေးတာတွေလည်းရှိတယ်၊” လို့ မြဝတီမြို့ဒေသခံတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် မြဝတီကုန်သွယ်ရေးဇုန်အတွင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေဟာ ကုန်သွယ်ရေးဇုန်ကို ဖြတ်သန်းသွားလာတဲ့ ကုန်ကားတွေဆီကနေတစ်ဂိတ်ကို ၅၀၀၀နှုန်းနဲ့ ပိုက်ဆံကောက်ခံတာတွေ ပြုလုပ်နေတယ်လို့ ကုန်ကားမောင်းသူတွေက ပြောပါတယ်။
“ ဂိတ်တွေက အဝင်၂ခု အထွက် ၂ခုရှိတယ်၊ BGF တွေကော စစ်တပ်တွေကော၊ သူတို့က ကားပေါ်တက်ကြည်တယ်၊ တစ်ဂိတ်ကို ၅၀၀၀ပေးရတယ်၊ မပေးလို့မရဘူး၊ အာရှလမ်းမှာလည်း ဂိတ်တွေရှိသေးတယ်၊ မြဝတီကနေ ကော့ကရိတ်အရောက်ဆိုရင် ၅သောင်းနီးပါးလောက်ကုန်တယ်၊” လို့ ကုန်ကားမောင်းနှင်သူတစ်ဦးက ပြောပါတယ်။
မြဝတီကုန်သွယ်ရေးဇုန်နဲ့ သင်္ဃန်းညီနောင်ရဲစခန်းကို မတ်လ၂၅ရက်နေ့က KNLA ပူးပေါင်းတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်လက်အောက်ခံ ရဲ ၁၁ ဦးသေဆုံးကာ ဒုရဲမှူးအပါအဝင် မိသားစုဝင် ၈ ဦးကို ဖမ်းဆီးရမိခဲ့ပါတယ်။
အခုလို မြဝတီကုန်သွယ်ရေးဇုန်ကို တိုက်ခိုက်ခံခဲ့ရပြီးနောက်ပိုင်းမှာ စစ်ကောင်စီတပ်က မြဝတီမြို့အနီးတစ်ဝိုက်မှာရှိတဲ့ လက်နက်ကိုင်အဖွဲ့တွေရှိရာကျေးရွာတွေဘက်ကို လေကြောင်းကနေဗုံးကြဲတိုက်ခိုက်တာတွေ လက်နက်ကြီးနဲ့ပစ်ခတ်တာတွေကို ပြုလုပ်နေတာလည်း ဖြစ်ပါတယ်။
သတင်း-ကိုဖြိုး
ဓာတ်ပုံ-CJ
Phar Si Than(People’s Radio Myanmar)