မေလ ၁၃ ရက်၊ ၂၀၂၃ ခုနစ်
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်အတွင်း သရက်ချောင်းမြို့နယ်နဲ့ လောင်းလုံမြို့နယ်တွေထဲက ပင်လယ်ရွာတွေမှာ မြန်မာနိုင်ငံသို့ဝင်ရောက်တိုင်ခတ်လာမဲ့ မိုခါဆိုင်ကလုန်းမုန်တိုင်းနဲ့ပတ်သတ်ပြီး ဆောင်ရန်၊ ရှောင်ရန် အသိပေးလုပ်ဆောင်ချက်တွေကို ခရိုင်တာဝန်ရှိသူတွေက ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေတယ်လို့ ထားဝယ်ခရိုင်မီးသတ်တပ်ဖွဲ့ရဲ့ ခရိုင်ဦးစီးမှူး ဦးသိန်းဇော်ဝင်းကပြောပါတယ်။
ထားဝယ်ခရိုင်အတွင်း ကြိုတင်ပြင်ဆင်မှုတွေအနေနဲ့ ဌာနဆိုင်ရာတွေနဲ့ပူးပေါင်းပြီး မုန်တိုင်းသတိပေး လက်ကမ်းစာစောင်တွေဖြန့်ဝေတာ၊ ကားနဲ့လိုက်လံကြော်ငြာတာတွေကိုလုပ်ဆောင်နေပါတယ်။ ထားဝယ်ခရိုင်မီးသတ်တပ်ဖွဲ့အနေနဲ့လည်း ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင် ၃၅ယောက်ကို ၁၀ ရက်စာရိက္ခာ၊ ရှာဖွေကယ်ဆယ်ရေးပစ္စည်းတွေနဲ့ အသင့်ထားရှိပြီး ဖြစ်တယ်လို့ ထားဝယ်ခရိုင် မီးသတ်တပ်ဖွဲ့ရဲ့ ခရိုင်ဦးစီးမှူး ဦးသိန်းဇော်ဝင်းကအခုလိုပြောပါတယ်။
“ကြိုတင်ကာကွယ်မှုတွေအနေနဲ့ ကျနော်တို့ ဌာနဆိုင်ရာသက်ဆိုင်ရာ ဌာနပေါင်းစုံနဲ့ ကျနော်တို့ မုန်တိုင်းသတိပေး လက်ကမ်းပိုစတာတွေဖြန့်ဝေတယ်၊ အသံချက်စက်တွေနဲ့သတိပေးတယ်။ ဒါတွေကလောလောဆယ် ကျနော်တို့ကြိုတင်ကာကွယ်ရေးနဲ့ ဆောင်ရွက်ထားရှိတဲ့ဟာတွေဖြစ်ပါတယ်။ မီးသတ်တပ်ဖွဲ့အနေနဲ့လည်း ကျနောတို့မှာရှိတဲ့ရှာဖွေကယ်ဆယ်ရးပစ္စည်းတွေကို အသင့်အနေအထား၊ မုန်တိုင်းဖြစ်လာမယ်ဆိုရင်ကျနော်တို့က ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင် ၃၅ဦးကို ကျနော်တို့ရိက္ခာ ၁၀ ရက်စာနဲ့ ဖြစ်ပွားတဲ့နေရာဒေသကို ထွက်ခွာဖို့ကြိုတင်ပြင်ဆင်ထားတယ်”လို့ သူကပြောပါတယ်။
မုန်တိုင်းသင့်ပြည်သူတွေအတွက်လည်း ယာယီနေထိုင်ဖို့ ဘေးကင်းလုံခြုံတဲ့ နေရာတွေကိုကြိုတင် ပြင်ဆင်ထားကြောင်း၊ ကျန်းမာရေးအတွက်လည်း ကျန်းမာရေးဝန်ထမ်းတွေ ကြက်ခြေနီအဖွဲ့တွေ၊ မြို့ပေါ်မှာရှိတဲ့ ပရဟိတအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီးကြိုတင်ပြင်ဆင်ထားတယ်လို့ ထားဝယ်ခရိုင် မီးသတ်တပ်ဖွဲ့ရဲ့ ခရိုင်ဦးစီးမှူး ဦးသိန်းဇော်ဝင်းက ဆက်ပြောပါတယ်။
“မုန်တိုင်းသင့်ပြည်သူတွေ နေဖို့ထိုင်ဖို့ သူတို့ဘေးကင်းရာလုံခြုံရာ ကျနော်တို့ မြို့ပေါ်မှာ စာသင်ကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေရှိမယ်။ အဲ့ဒီဘေးလွတ်ရာဒေသတွေကို ရွှေ့ပြောင်းပေးဖို့ ကျနော်ဘက်ကအသင့်ပါ။ နေရာတွေလည်း သတ်မှတ်ထားပြီးဖြစ်ပါတယ်”လို့ သူကဆက်ပြောပါတယ်။
ထားဝယ်ခရိုင်အတွင်း စစ်ရှောင်နေရတဲ့ဒေသတွေမှာလည်း စစ်ဘေးရှောင်တွေအတွက် မုန်တိုင်းနဲ့ ပတ်သတ်ပြီး အသိပညာပေးဟောပြောတာတွေအပြင် မုန်တိုင်းကျရောက်လာပါက သတ်မှတ်ထားတဲ့နေရာတွေမှာ စစ်ဘေးရှောင်တွေယာယီနေထိုင်ဖို့အတွက်နေရာတွေကိုလည်း ဆောက်လုပ်ထားပြီးဖြစ်တယ်လို့ နွေဦးမေတ္တာစစ်ဘေးရှောင်များ ထောက်ပံ့ကူညီးရေးအဖွဲ့ရဲ့ တာဝန်ရှိသူကပြောပါတယ်။
“ကျနော်ဘက်မှာက မုန်တိုင်းနဲ့ပတ်သတ်ပြီးတော့ အသိပညာပေးဟောပြောတဲ့အပိုင်းအနေနဲ့ပဲ လုပ်ထားရသေးတယ်။ အသိပညာပေးတာကတော့ မုန်တိုင်းဖြစ်လာရင် ဘယ်နေရာကိုသွားရမယ်၊ မိသားစုအလိုက် ဘယ်လိုပုံစံအသင့်အနေအထားနဲ့နေရမယ် ဆိုပြီးတော့ သေချာလေးသင်တန်း ပို့ချပေးဖြစ်ပါတယ်။ သတ်မှတ်ထားတဲ့နေရာတွေမှာလည်း စစ်ရှောင်တွေအတွက် ယာယီနေထိုင်ဖို့တော့ ပြင်ဆင်ထားတယ်”လို့ သူကပြောပါတယ်။
စစ်ရှောင်ဒေသတွေမှာ အရေးပေါ်အခြေအနေအတွက် ရိက္ခာတွေကိုစုဆောင်ထားပေမဲ့ လုံလုံလောက်လောက်မရှိတဲ့အတွက် ၅ ရက်လောက်သာ တောင့်ခံနိုင်မှာဖြစ်တယ်လို့ နွေဦးမေတ္တာစစ်ဘေးရှောင်များ ထောက်ပံ့ကူညီးရေးအဖွဲ့ရဲ့ တာဝန်ရှိသူကပြောပါတယ်။
“အများကြီတော့မပြင်ဆင်ထားဖြစ်ဘူး။တကယ်လို့ဖြစ်လာခဲ့ပြီဆိုရင်လည်း အရံရိက္ခာအနေနဲ့ တပတ်စာမဟုတ်ဘဲ ၅ ရက်စာလောက်အထိပဲ တောင့်ခံလို့ရတဲ့ အနေအထားပဲရှိတယ်” လို့ သူကဆက်ပြောပါတယ်။
မုန်တိုင်းကျရောက်လာတဲ့အချိန် ရေကြီးရေလျှံတာတွေဖြစ်လာနိုင်တဲ့အတွက် အရေးပေါ်သုံးပစ္စည်း တွေနဲ့ လိုအပ်တာတွေစုဆောင်းထားဖို့၊ မိသားစုတစ်စုမှာ ရေသန့် ၅ဂါလံပုံး တစ်ပုံးအသင့်ဆောင်ထား မှသာ သောက်သုံးရေအတွက် အသုံးပြုလို့ရမှာဖြစ်တယ်လို့ ထားဝယ်ခရိုင်မီးသတ်တပ်ဖွဲ့ရဲ့ ခရိုင်ဦးစီးမှူး ဦးသိန်းဇော်ဝင်းကပြောပါတယ်။
ကုန်းတွင်းပိုင်းသို့ မုန်တိုင်းဝင်ရောက်အချိန် လေတိုက်နှုန်းက တစ်နာရီကို ၁၃၂ မိုင်ကနေ ၁၄၀ မိုင် အထိရှိနိုင်ပြီး မုန်တိုင်းဗဟိုအချက်မှာ ရေလှိုင်းအမြင့်ပေ ၅၀ အထိရှိလာနိုင်တာကြောင့် အဆိုပါ လေဖိအားနည်းရပ်ဝန်းမှာ လာမယ့် ၂ ရက်အတွင်း အားကောင်းလာကာ အနောက်မြောက်ဘက်သို့ ဆက်လက်ရွေလျားနိုင်ပြီး ကော့ဘဇား (ဘင်္ဂလားဒေ့ရှ်)နဲ့ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့အကြား မေလ ၁၄ရက်မှ ၁၅ရက်အတွင်း ဝင်ရောက်လာနိုင်ကြောင်း မြန်မာနိုင်ငံမှာ မုန်တိုင်းဒဏ်ကိုခံစားရမဲ့ လူဦးရေ ၃သန်းအထိ တိုးလာနိုင်ပြီး တယ်လို့ GDACS ရဲ့ ထုတ်ပြန်ထားချက်အရသိရပါတယ်။
မိုခါမုန်တိုင်းက ရခိုင်ဒေသကိုဖြတ်ကျော်ပြီး ချင်း၊ မကွေးနဲ့ စစ်ကိုင်းသို့ အားကောင်းတဲ့ ဆိုင်ကလုန်း မုန်တိုင်းအနေနဲ့ ရွေ့လျားနိုင်တယ်လို့ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
သတင်း – နော်အယ်နီး
ဓါတ်ပုံ – Dawei Fire Service Department
Phar Si Than (People’s Radio Myanmar)